တပ်မတော်တွင် သူရဲဘောကြောင်ကာ အညံ့ခံသူ မရှိကြောင်း နစက ပြောခွင့်ရသူပြော

0
262

လက်ရှိဖြစ်ပွား‌နေသည့် နိုင်ငံတဝန်းရှိ တိုက်ပွဲများတွင် တပ်မတော်မှ တပ်ရင်းလိုက် အညံ့ခံမှုများရှိနေသည်ဟု သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်၍ တပ်မတော်တွင် သူရဲဘောကြောင်ပြီး အညံ့ခံသူ မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယနေ့ ဒီဇင်ဘာ (၉) ရက် ညပိုင်းတွင် ထုတ်ပြန်သည့် ပုံမှန်သတင်း ထုတ်ပြန်ချက်တွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော်တို့ တပ်မတော်သားများအနေနဲ့ မည်သူမျှ သူရဲဘောကြောင်သူမရှိဘူး။ သွားပြီးတော့ပူးပေါင်းသူ မရှိဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် တစ်ဖက်အဖွဲ့အစည်းများမှ သတင်းထုတ်ပြန်နေသည့် အညံ့ခံသူဆိုသူများသည် ယခင်ကတည်းက အကြောင်းအမျိုးမျိုးကြောင့် တပ်မှ ကင်းကွာနေသူများသာဖြစ်ပြီး ၎င်းတို့အား အသုံးချနေခြင်းသာဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၂၇) ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ တပ်ရင်းတစ်ခုမှ တပ်ရင်းမှူးအပါအဝင် တပ်မတော်သားများနှင့် မိသားစုဝင်များပါဝင်သည့် အင်အား (၂၀၀) ကျော်သည် မြောက်ပိုင်းအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့ပြီး ၎င်းတို့အား လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ပေးလိုက်ကြောင်း MNDAA ဘက်က ဓာတ်ပုံများ ၊ ရုပ်သံဖိုင်များဖြင့် သတင်း ထုတ်ပြန်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ထို့အပြင် လွိုင်ကော် တက္ကသိုလ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း၌လည်း တပ်ခွဲမှူးအဆင့် အပါအဝင် တပ်မတော်သား (၃၀) ကျော် KNDF နှင့် ပူးပေါင်းအဖွဲ့များထံလက်နက်ချရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ထို့အပြင် ကရင်ပြည်နယ်၊ မွန်ပြည်နယ် အပါအဝင် ထိတွေ့တိုက်ပွဲများအတွင်း၌လည်း တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံဝန်ထမ်းများ ဖမ်းဆီးခံရမှုများရှိနေကြောင်း တစ်ဖက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများက သတင်း ထုတ်ပြန်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ မိသားစုဝင်များ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်အရ အဖမ်းခံရခြင်းသာ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“မိသားစုများရဲ့ လုံခြုံရေးအရ အသက်အန္တရာယ်အရ ဖမ်းဆီးခံရတာဖြစ်ကြောင်းရှိနိုင်တယ်။ ဘယ်သူမှ သူရဲဘောကြောင်ပြီးတော့ကျ သွားပြီးအညံ့ခံတဲ့သူ မရှိဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်စဉ်များမှာ ဝါဒဖြန့်နေခြင်းနှင့် အကြောက်တရားရိုက်သွင်းနေခြင်းဖြစ်ပြီး တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သတိရှိကြရမည်ဟုလည်း ၎င်းက ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here