ငါးကြိမ်မြောက်သမ္မတသက်တမ်းအတွက် ၂၀၂၄ ရွေးကောက်ပွဲတွင်ထပ်မံယှဉ်ပြိုင်သွားမည်–ပူတင်

0
230

မော်စကို၊ဒီဇင်ဘာ ၈

ရုရှားသမ္မတဗလာဒီမာပူတင်က ၎င်းအနေဖြင့် ငါးကြိမ်မြောက်သမ္မတသက်တမ်းအတွက် လာမည့် ၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၈ ရက်နေ့တွင် တရားဝင်ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ယင်းသို့ပါဝင်ယှဉ်ပြိုင်ရာ၌ ၎င်းအနေဖြင့်
သေချာပေါက် အနိုင်ရမည်ကို စိုးစဥ်းမျှ သံသယ မရှိဟုလည်း လူအများကသုံးသပ်ပြောကြားခဲ့သည်။ သမ္မတပူတင်သည် ရုရှားနိုင်ငံရေးလောကနှင့်မီဒီယာများ၌ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုလောက်ကတည်းက လွှမ်းမိုးထားနိုင်သူတစ်ဦးလည်းဖြစ်သည်။

ရွေးကောက်ပွဲ၌ ၎င်းအားအများဆုံးစိန်ခေါ်နိုင်သူများဖြစ်ကြသည့် ထင်ရှားသည့်အခြားအတိုက်အခံနိုင်ငံရေးသမားများသည်လည်း အကျဉ်းထောင်ထဲရောက်နေပြီး ပြီးခဲ့သည့်သမ္မတရွေးကောက်ပွဲတွင်လည်း ပူတင်က သာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ခြင်းဖြစ်သည်။

သမ္မတပူတင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း လာမည့် ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲတွင် သမ္မတပူတင်သည် ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းကျော်ဖြင့် ထပ်မံအနိုင်ယူနိုင်လိမ့်ဦးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရုရှားတွင် လာမည့် ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်တွင် သမ္မတသစ်ရွေးကောက်ပွဲအား နိုင်ငံတနံတလျား၌ ကျင်းပသွားမည်ဖြစ်ပြီး ထူးခြားချက်အနေဖြင့် ရုရှားက သိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေများမှ ဒေသခံများပါ ပါဝင်ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

ယခုရွေးကောက်ပွဲ၌ အနိုင်ရရှိပြီး သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရသူသည် လာမည့် ၂၀၂၄ ခုနှစ်၊မေလမှစ၍ စတင်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းလည်းသိရှိရသည်။

Source : သည်ဂါးဒီးယန်း


LEAVE A REPLY

Please enter your comment!
Please enter your name here