ယနေ့ ညနေတွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာမည်

0
256

ယနေ့ ဒီဇင်ဘာ (၁၀) ညနေပိုင်း အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး၊ ရွာရန်ရာနှုန်း (၈၀)ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့တွင် အသိပေးထားသည်။

လက်ရှိရန်ကုန်မြို့ မြို့နယ်အချို့တွင် တိမ်များအုံဆိုင်းနေပြီး၊ မိုးဖွဲလေးများကျနေသည်အခြေအနေဖြစ်သည်ကို တွေ့ရသည်။

” မိုးက မနက်ထဲက အုံ့ပြီး မိုးဖွဲလေးတွေကျနေတယ်။ ဒီမနက် ၉နာရီအချိန်အထိနေမထွက်ဘူး။ ရာသီဥတုကတော့ အုံ့ဆိုင်းဆိုင်းကြီးဖြစ်နေတယ်။” ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။

မိုးဇလ၏ ယနေ့ အသိပေးချက်တွင် နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်း(၈၀) ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ကျန်တိုင်း/ပြည်နယ်များတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေမည်ဟု အသိပေးထားသည်။

နောက်(၂)ရက်အတွင်း ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်း ပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here