အငြင်းပွားရေပြင်မှာ ရေယာဉ်နှစ်စင်း တိုက်မိခဲ့မှုအတွက် ဖိလစ်ပိုင်နဲ့ တရုတ် အပြန်အလှန် အပြစ်ဖို့

0
173

ဖိလစ်ပိုင် ငါးဖမ်းရေယာဉ်တစ်စီးနဲ့ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတစ်စီးဟာ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၀) က ပြိုင်ဆိုင်မှုပြင်းထန်ရာ သောင်ခုံကျောက်တန်းတစ်ခုအနီးမှာ တိုက်မိခဲ့ကြပါတယ်။

အငြင်းပွား တောင်တရုတ်ပင်လယ်ရေပြင်မှာ ယခုဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ နှစ်နိုင်ငံစလုံးက တစ်ဖက်ကိုတစ်ဖက် အပြန်အလှန် အပြစ်ဖို့ခဲ့ကြပါတယ်။

မနီလာနဲ့ ပေကျင်းတို့အတွက် ရန်စ နေရာတစ်ခုဖြစ်တဲ့ စပရက်တလေကျွန်းစုက Second Thomas ရေတိမ်သောင်ခုံတစ်ခုပေါ်ရှိ တပ်စုငယ်တစ်ခုထံ ဖိလစ်ပိုင်က ရိက္ခာထောက်ပံ့ရေးမစ်ရှင်တစ်ခု လုပ်ဆောင်နေစဉ် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။

စကာဘိုရောက်ချ် သန္တာကျွန်းအနီးရှိ ဖိလစ်ပိုင် ငါးဖမ်းသမားတွေထံ ရိက္ခာပို့ဆောင်တဲ့ အစိုးရရေယာဉ် သုံးစီးကို တရုတ် ကမ်းခြေစောင့်တပ်က ရေအမြောက်တွေသုံး ဟန့်တားခဲ့ကြောင်း ဖိလစ်ပိုင်က စွပ်စွဲခဲ့အပြီး နောက်တစ်ရက်မှာ ယခုဖြစ်ရပ်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

မနီလာနဲ့ ပေကျင်းအကြား ပြိုင်ဆိုင်မှုပြင်းထန်ရာ အငြင်းပွားရေးပြင်အရေးမှာ ကာလကြာရှည် တင်းမာမှုဖြစ်နေခဲ့ပါတယ်။ ယခင်က သင်္ဘောချင်းတိုက်မိမှု နှစ်ခုအပါအဝင် ဖိလစ်ပိုင်နဲ့ တရုတ် သင်္ဘောတွေဟာ မတော်တဆဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့ကြပြီးနောက် ပြီးခဲ့တဲ့ လပိုင်းကစလို့ အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။

တနင်္ဂနွေနေ့က ထောက်ပံ့ရေးမစ်ရှင်တစ်ခုမှာ စားနပ်ရိက္ခတွေ တင်ဆောင်လာတဲ့ ဖိလစ်ပိုင် ရေယာဉ်တစ်စင်းကို တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတစ်စင်းက အရှိန်နဲ့ဝင်တိုက်ခဲ့တယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တရုတ်သင်္ဘောတစ်စီးဟာ ဖိလစ်ပိုင်ရေယာဉ် သုံးစီးကို ရေအမြောက်နဲ့ ပစ်ခဲ့တာကြောင့် ရေယာဉ်တစ်စီးရဲ့ အင်ဂျင်ပိုင်း ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တယ်လို့ ဖိလစ်ပိုင် အနောက်ပင်လယ်ဆိုင်ရာ ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့် ရှိသူ ဂျေးတာရီရယ်လာက ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ကမ်းခြေစောင့်တပ်ကတော့ ဖိလစ်ပိုင်ရေ ယာဉ်ဟာ မိမိတို့ရဲ့ ပြင်းထန်တဲ့ အကြိမ်ကြိမ် သတိပေးချက်တွေကို ဂရုမစိုက်ဘဲ တရုတ်သင်္ဘောနဲ့ တမင်ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဖိလစ်ပိုင် ရေယာဉ်ဟာ ပရော်ဖက်ရှင်နယ်မကျသော၊ အန္တရာယ်များတဲ့ပုံစံနဲ့ လမ်းကြောင်းပြောင်းသွားခဲ့ကာ ပုံမှန် ဥပဒေ စိုးမိုးရေး လမ်းကြောင်းဆောင်ရွက်နေတဲ့ မိမိတို့ရဲ့ကမ်းခြေစောင့်သင်္ဘော 21556 နဲ့ တမင်ဝင်တိုက်ခဲ့တာဖြစ်ပြီး ခြစ်ရာဖြစ်ပေါ်ခဲ့ရတယ်လို့ တရုတ်ကမ်းခြေစောင့်တပ်က ထုတ် ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

Second Thomas သောင်ခုံကျောက်တန်းဟာ ဖိလစ်ပိုင်အနောက်ပိုင်း ကျွန်းတစ်ခုဖြစ်တဲ့ ပါလာဝမ်ကနေ ၂၀၀ ကီလိုမီတာခန့်အကွာမှာရှိပြီး တရုတ်ဘက်ကဆိုင်ရင်တော့ အနီးဆုံး ဟိုင်နန်ကျွန်းကနေ ၁၀၀၀ ကီလိုမီတာကျော် ကွာဝေးတယ်လို့ သိရပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here