ရှမ်းမြောက် မြို့နယ် (၈)မြို့နယ်ရှိ တိုက်ပွဲရှောင် တစ်သိန်း နီးပါးအတွက် စောင်၊ အနွေးထည်များ အပါဝင် အကူညီများ လိုအပ်နေ

0
171

ဆောင်းရာသီဝင်လာပြီဖြစ်သည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် (၈)မြို့နယ်ရှိ တိုက်ပွဲရှောင် ပြည်သူပေါင်း တစ်သိန်းနီးပါးအတွက် စောင်၊ အနွေးထည်များ အပါဝင် အ ကူညီများ လိုအပ်လျက်ရှိကြောင်း တိုက်ပွဲရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။

ရှမ်းမြောက် ဒေသတွင် တိုက်ပွဲများ ပြင်းထန်နေသည့် ကာလမှ  (၂)လ နီးပါး ကြာမြင့်လာပြီဖြစ်သောကြောင့် ပြည်သူ တစ်သိန်းနီးပါးခန့် နေအိမ်များကို စွန့်ခွာတိမ်းရှောင် နေရကြောင်း သိရသည်။

“အခုလက်ရှိကာလမှာတော့ ဒီဇင်ဘာရောက်လာတာနဲ့အတူ ရှမ်းတောင်တန်းတွေမှာ ဆောင်းဟာ အရိုးခိုက်အောင် အေးပါတယ်။ စောင်တစ်ထည်၊ အနွေးထည်တစ်ထပ်တည်းနဲ့ ရှမ်းပြည်ရဲ့ ဆောင်းတွင်းကို အန်တုနိုင်ဖို့ မလွယ်လှပါဘူး။ ကူညီနိုင်ဖို့ အလှူခံလိုပါတယ်”ဟု တိုက်ပွဲရှောင်များကို ကူညီပေးနေသူ တစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသနေရာအနှံ့ ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံများမှာ လုံခြုံသည်ဟု ယူဆသည့် နေရာများသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

ရှမ်းမြောက် လားရှိးမြို့ရှိ ဘုန်းကြီးကျောင်းများ အပါဝင် ဘာသာရေး အဆောက်အဦများ ယာယီဖွင့်လှစ်ပေးထားသည့် တိုက်ပွဲရှောင် စခန်းများတွင် ရောက်ရှိခိုလှုံနေကြကြောင်း လားရှိးမြို့ ဒေသခံများထံမှ သိရသည်။

ရှမ်းမြောက်ဒေသတွင် အောက်တိုဘာ(၂၇)ရက်မှ စတင်ကာ မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တို့အကြား နှစ်ဖက်ထိတွေ့မှုများဖြစ်ပွားခဲ့ရပြီး လက်နက်ကြီး ကျည်များ ကျရောက်မှုကြောင့် တံတားအချို့လည်း ကျိုးကျပျက်ဆီးခဲ့ရသေးသည်။

ရှမ်းမြောက် လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ သိန္နီ၊ ကွတ်ခိုင်၊ ချင်းရွှေဟော်အပါအဝင် နေရာအနှံတွင် ထိတွေ့မှုများဖြစ်ပွားနေခဲ့ရာ အဆိုပါ ဒေသများမှ ဒေသခံများမှာ တိုက်ပွဲရှောင်နေပြီး ရပ်နီး ရပ်ဝေးမှ စေတနာရှင် အပေါင်းတို့မှ နည်းများ မဆို ပါဝင်လှူဒါန်းပေးရန် တိုက်ပွဲရှောင်များကို ကူညီပေးနေသူတို့ကလည်း ပြောဆိုထားသည်။

ပဋိပက္ခများ ဖြစ်ပွားနေသည့် မြို့နယ်များရှိ အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအချို့ကို နှစ်ဖက်အဖွဲ့အစည်းများက ထိန်းချုပ်ကန့်သတ်မှုများ လုပ်ဆောင်ထားပြီး ယင်းလုပ်ဆောင်ချက်များသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ သွားလာခွင့်ကိုလည်း အဟန့်အတား ဖြစ်စေကြောင်း UN ၏ အစီရင်ခံလွှာ- ၆ တွင် ရေး သားထားသည်။

လက်ရှိတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ တိုက်ပွဲရှောင် ၂၈၆,၀၀၀ ကျော်ရှိလာပြီ ဖြစ် ပြီး ၎င်းတို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယား၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ဒေသခံများ ဖြစ်ကြောင်း UN ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here