ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလဆန်းအထိ ပို့ကုန်ပမာဏ ဒေါ်လာ ၁၀ ဘီလီယံနီးပါး တင်ပို့နိုင်ခဲ့

0
227

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလဆန်းအထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုစာရင်းအရ ပို့ကုန် အမေရိကန်ဒေါ် လာ ၁၀ ဘီလီယံနီးပါးအထိ တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် မတ်ပဲ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ရော်ဘာ၊ ပဲစင်းငုံ၊ နှမ်း၊ မြေပဲနှင့် ကြက်သွန်နီ၊ နနွင်းတက်၊ မန်ကျည်းသီး၊ ချင်းခြောက်၊ ဝဥ၊ ကြက်ဆူစေ့၊ ကော်ဖီစေ့၊ သီဟိုဠ်စေ့၊ ဝါ၊ ပီလောပီနံ၊ ဖရဲ၊ သခွား၊ သရက်၊ တစ်သျှူးငှက်ပျော စသည့် လယ်ယာထွက်များ စုံလင်စွာ တင်ပို့နိုင်ခဲ့သကဲ့သို့ ရေထွက်ပစ္စည်းကဏ္ဍမှ ငါးမျိုးစုံ၊ ပုစွန်၊ ဂဏန်း၊ ငါးရှဉ့်၊ ငါးလေးခြောက်၊ ငါးခြောက်များ တင်ပို့လျှက်ရှိကြောင်း သိရသည်။

ပြည်ပတင်ပို့မှု၌ စက်မှုကဏ္ဍထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သစ်ပါးလွှာနှင့် အထပ်သားများ၊ သစ်အချောထည် ထုတ်ကုန်များ၊ ချုပ်ပြီး အထည်၊ သကြားနှင့် အခြားစက်မှုကုန်ချော ထုတ်ကုန်များကိုလည်း တင်ပို့လျှက်ရှိကြောင်း သိရသည်။

ဧပြီလမှ ဒီဇင်ဘာလဆန်းအထိ ပြည်ပနိုင်ငံပေါင်း (၁၁၇) နိုင်ငံသို့ ပို့ကုန်အသီးသီး တင်ပို့ခဲ့ပြီး ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှ ကုန်စည်အလိုက် ဈေးကွက်ဝယ်လိုအား များပြားသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။

ပြည်ပပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုကို ကုမ္ပဏီ (၅၉၃၈) ခု က အမှန်တင်ပို့၊ တင်သွင်းဆောင်ရွက်ခဲ့ကြပြီး လက်ရှိတွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများအပြင် လေကြောင်းလိုင်းများမှတဆင့် တင်ပို့မှုများ ဆောင်ရွက်လျက်ရှိသည်။

ငါးမျိုးစုံ၊ ပုစွန်နှင့် အခြားရေထွက်ပစ္စည်းများ တင်ပို့သည့် လုပ်ငန်းရှင်အချို့မှ ရက်သတ္တပတ်လျှင် တန်ချိန် (၃၀၀) ကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ယူကေ နိုင်ငံများကို လေကြောင်းဖြင့် တင်ပို့လျှက်ရှိကြောင်း သိရသည်။

ပို့ကုန်တိုးတက်တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များကို အသိအမှတ်ပြုသည့်အနေဖြင့် ရော်ဘာပို့ကုန်ရငွေဖြင့် လုပ်ငန်းသုံးအတွက် လိုအပ်သည့် ဓာတ်မြေသြဇာ တင်သွင်းခွင့်ပြုထားပြီး ဆန်၊ ပဲ၊ ပြောင်း တင်ပို့သည့် လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိသည့် စက်သုံးဆီကဲ့သို့သော သွင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုမည့် အစီအစဉ်များ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here