မလေးရှားတွင် ကျင်းပခဲ့သည့် ဂျူဒိုပြိုင်ပွဲတွင် မြန်မာမှ ရွှေ ၄ ဆုအပါအဝင် ဆုတံဆိပ်(၈)ခု ဆွတ်ခူး

0
192

မလေးရှားနိုင်ငံ၊ ပီနန်မြို့၌ကျင်းပခဲ့သည့် PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲတွင် မြန်မာဂျူဒိုအားကစားအဖွဲ့သည် ရွှေ ၄ ဆုအပါအဝင် ဆုတံဆိပ်(၈)ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နှင့် (၁၀)ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာဂျူဒိုအားကစားအဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်အားကစားသမား(၉)ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့သည်။

ဆုများအနေဖြင့် PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲ အမျိုးသား (-28)kg ပြိုင်ပွဲတွင် မောင်အောင်ဇေထက်က ရွှေတံဆိပ်(၁)ခု၊ (-66)kg ပြိုင်ပွဲတွင် မောင်ထက်အောင်က ရွှေတံဆိပ်(၁)ခု၊ (-73)kg ပြိုင်ပွဲတွင် မောင်ကျော်ခန့်စိုးက ရွှေတံဆိပ်(၁) ခုနှင့် အမျိုးသမီး (-32)kg ပြိုင်ပွဲတွင် မနှင်းဦးဝတ်ရည်က ရွှေတံဆိပ်(၁)ခု ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ အမျိုးသား(-24)kg ပြိုင်ပွဲတွင် မောင်ဘုန်းပြည့်ချမ်းသာထွန်းက ငွေတံဆိပ်(၁)ခု၊ (-90)kg ပြိုင်ပွဲတွင် မောင်အောင်ဝေဖြိုးက ငွေတံဆိပ်(၁)ခု၊ အမျိုးသား (-50)kg ပြိုင်ပွဲတွင် မောင်ခိုင်ခန့်က ကြေး တံဆိပ်(၁)ခု၊ အမျိုးသမီး(-57)kg ပြိုင်ပွဲတွင် မငွေပုံချစ်က ကြေးတံဆိပ်(၁)ခု ဆွတ်ခူးရရှိခဲ့သည်။

ထို့ကြောင့်မြန်မာဂျူဒိုအားကစားအဖွဲ့သည် ပြိုင်ပွဲများအပြီးတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်း ဆုတံဆိပ်(၈)ခုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ အရှေ့တောင်အာရှ (၆)နိုင်ငံမှ မလေးရှားကလပ်အသင်း(၁၀)သင်း၊ အင်ဒိုနီးရှားကလပ်အသင်း(၂)သင်း၊ ထိုင်းအ‌ခြေစိုက် ပြင်သစ်ကလပ်အသင်း၊ စင်္ကာပူအသင်း၊ ဘရူနိုင်းအသင်းနှင့် မြန်မာအသင်းတို့ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြ‌ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here