ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နောက်ဆက်တွဲ ဖြည့်စွက်စာချုပ် လက်မှတ်ရေးထိုးနိုင်တော့မည်

0
268

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်၍ မကြာမီတွင် နောက်ဆက်တွဲ ဖြည့်စွက်စာချုပ် လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

ဒီဇင်ဘာလ (၁၁) ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည့်အထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်ပတ်သက်၍ ယခင်အစိုးရ လက်ထက်တွင် လက်မှတ်ရေးထိုးထားပြီးဖြစ်သော လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်အား ပိုမိုကောင်းမွန်၍ ရှင်းလင်းပြည့်စုံမှုရှိစေရေးအတွက် ရင်းနှီးတည်ဆောက်သူ ဖြစ်သည့် China International Trust Investment Corporation–CITIC နှင့် ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ရာ နှစ်ဦးနှစ်ဖက် အပြု သဘောဆောင်သည့် ဆွေးနွေးမှုများကြောင့် ညှိနှိုင်းမှုများ ပြီးပြတ်ခဲ့ပြီဖြစ်သည့်အတွက် မကြာမီတွင် နောက်ဆက်တွဲ ဖြည့်စွက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ စတင်ချိန်တွင် ဒေသခံရခိုင်တိုင်းရင်းသားများအပါအဝင် နိုင်ငံသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်း‌ကျောင်းပညာသင်ကြားရေး အစီအစဉ်များကို စတင်ပြင်ဆင်ထားရန်လည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် နိုင်ငံသားကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် အစိုးရအသိအမှတ်ပြု ကုမ္ပဏီစု (Government Designated Entity Consortium) ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံပိုင် သတင်းစာများတွင် စိတ်ဝင်စားမှု အဆိုပြုလွှာကြေညာ ဖိတ်ခေါ်ခဲ့ပြီးဖြစ်၍ အဆိုပြုလွှာ တင်သွင်းလာသည့် ကုမ္ပဏီများအား စိစစ်ရွေးချယ်သည့်လုပ်ငန်းစဉ်များ မကြာမီဆက်လက်ဆောင် ရွက်မည် ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းသည် နိုင်ငံတော်အတွက်သာမက နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသား လူငယ်များအတွက်လည်း အခွင့်အလမ်းများ ပေါ်ပေါက်စေမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အလားတူ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းများသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုစေနိုင်သည့်အတွက် စီမံကိန်းများအမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ထို့အပြင် သီလဝါအထူး စီးပွားရေးဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက်လည်း လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲရေးကော်မတီအနေဖြင့်လည်း သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သလို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အထူးစီးပွားရေးဇုန်များအနေဖြင့် ဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံသူများနှင့် ဇုန်ပြင်ပရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here