ပြည်ပပို့ကုန်များအတွက် လိုအပ်သည့် ကုန်ကြမ်းများ တင်သွင်းနိုင်ရေး ဦးစားပေးမည်

0
176

ပြည်ပသို့ တင်ပို့မည့် ပို့ကုန်ထုတ်လုပ်သော စက်မှုဇုန်များရှိ စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဟု ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအစည်းအဝေး၌ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဒီဇင်ဘာလ (၁၁) ရက်က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်းချုပ် (UMFCCI)၊ ညီနောင်အသင်း အဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ ဆုံ၍ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် ကုန်သွယ်မှု လွယ်ကူလျင်မြန်ချောမွေ့စေရေးနှင့် ပြည်ပသို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ငွေကြေးမူဝါဒများ ပြောင်းလဲချမှတ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ယခုကာလသည် လယ်ယာထွက်ကုန်သီးနှံများဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ရော်ဘာထွက်ကုန် အစရှိသော အဓိက ပို့ကုန် အမယ်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည့် ကာလဖြစ်ပြီး ပြည်ပသို့ ပို့ကုန်တင်ပို့ရာမှ ပို့ကုန်ရငွေများအား သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ဝင်ရောက်လာစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဟုလည်း ဗဟိုကော်မတီ ဥက္ကဋ္ဌက ဆိုသည်။

ထို့အပြင် ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသော ကုမ္ပဏီများနှင့် ပတ်သက်၍ ပို့ကုန်ရငွေများ အပြည့်အ၀ ပြန်လည်ရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here