မြန်မာနိုင်ငံ၏ ကုန်ထုတ်ကဏ္ဍအားလုံးတွင် နှေးကွေးမှုများ ဆက်လက်ဖြစ်နေဦးမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

0
229

လာမည့် ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေဦးမည့်အပြင် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်သွယ်မှုကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍများ၌ နှေးကွေးကြန့်ကြာမှုများ ဆက်လက်ဖြစ်​ပေါ်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးပမာဏသည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း ဆက်လက် နိမ့်ကျလျက်ရှိသောကြောင့် အရှေ့အာရှဒေသတွင် ကမ္ဘာ့ကပ်ရောဂါ မတိုင်မီရှိခဲ့သည့် စီးပွားရေးအခြေအနေသို့ ပြန်မရောက်နိုင်သည့် တစ်ခုတည်းသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်းလည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာကဆိုသည်။

ယခုနှစ် ဇွန်လအထိ (၁၂) လတာ ကာလအတွင်း စားသုံးကုန်ပစ္စည်းတန်ဖိုးများသည် ၂၉ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့သည့်အပြင် မကြာသေးခင်က ကျပ်ငွေတန်ဖိုး ကျဆင်းမှုနှင့် ပဋိပက္ခများ ကျယ်ပြန့်လာခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ၏ “ပဋိပက္ခကြားမှ စိန်ခေါ်မှုများ”အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် အိမ်ထောင်စုဝင်ငွေများ ဆိုးဆိုးရွားရွား ဆက်လက်ကျဆင်းနေဆဲဖြစ်ကာ ၂၀၂၃ နှစ်လယ်တွင် IFPRI က ကောက်ယူခဲ့သည့် စစ်တမ်းအချက်အလက်များအရ အိမ်ထောင်စုများ၏ ၄၀ ရာခိုင်နှုန်းက ယခင်နှစ်ကထက် ဝင်ငွေကျဆင်းခဲ့နှင့် ကာလလတ် အမှန်ဝင်ငွေမှာ ၁ဝ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်းထုတ်ပြန်ထားသည်။

စားနပ်ရိက္ခာ ဖူလုံမှုညွှန်းကိန်းများ ပိုမိုဆိုးရွားလာခဲ့ပြီး စီးပွားရေးအခြေအနေများက ဆိုးရွားလာနေကာ အနာဂတ်အတွက် မသေချာမရေရာမှုများကလည်း ပိုများလာကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို ပြည်သူ့သမ္မတနိုင်ငံတော် ဌာနေကိုယ်စားလှယ် မာရီယမ်ရွာမန်က ပြောသည်။

“စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ဝင်ငွေ အများစုကို အစားအစာအတွက်သာ သုံးစွဲနေရတဲ့၊ ကုန်ဈေးနှုန်း မြင့်တက်မှု ပိုမြန်တဲ့ ဒေသတွေမှာ နေထိုင်ရတဲ့ အခြေခံလူတန်းစားများကို ပိုပြီး ထိခိုက်စေပါတယ်”ဟု ယင်းက ဆိုသည်။

စီးပွားရေးလုပ်ငန်းညွှန်းကိန်းများသည် ၂၀၂၃ ခုနှစ် နှစ်လယ်ကတည်းက ဆိုးရွားလာနေခဲ့ပြီး စက်တင်ဘာလတွင် ၎င်းတို့ လုပ်နိုင်စွမ်း၏ ၅၆ ရာခိုင်နှုန်းခန့်သာ လည်ပတ်နိုင်ခဲ့သော စီးပွားရေးလုပ်ငန်းများက မတ်လမှစတင်၍ ၁၆ ရာခိုင်နှုန်းခန့် ပိုမို ကျဆင်းသွားခဲ့သည်ဟု ဆက်ပြောသည်။

လက်လီအရောင်းသမားများအတွက် အရောင်းကျဆင်းလာခြင်းက အဓိက စိန်ခေါ်မှု ဖြစ်နေပြီး ပဋိပက္ခ၊ မြင့်မားသော ကုန်စည်သယ်ယူ ပို့ဆောင်စရိတ်များ ၊ ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေ လဲလှယ်ရေးဆိုင်ရာ စည်းမျဉ်းများနှင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများက စီးပွားရေး လုပ်ငန်း ကုန်ကျစရိတ် အပေါ် ထပ်မံဖိစီးနေသဖြင့် နိုင်ငံတကာ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို လျော့နည်းသွားစေကြောင်းဆိုသည်။

“စီးပွားရေးလုပ်ဆောင်နိုင်တဲ့ အခင်းအကျင်း ကျဆင်းလာမှုနှင့်အတူ အနာဂါတ်အတွက် မရေရာမှုတွေ ပိုများလာတာကြောင့် မြန်မာနိုင်ငံရဲ့ အထည်ချုပ်စက်ရုံများဟာ ရင်းနှီးမြုပ်နှံမှုနဲ့ တိုးချဲ့နိုင်ရေးအတွက် မဟုတ်ဘဲ ရပ်တည်ရှင်သန်ရေးကိုသာ ပိုပြီး အာရုံစိုက် နေကြရပါတယ်။ မကြာသေးခင်က ဖြစ်ပေါ်တိုးတက် ပြောင်းလဲလာမှုတွေကြောင့် အထည်ချုပ်လုပ်ငန်းများ သာမက မြန်မာနိုင်ငံရဲ့ စီးပွားရေးတခုလုံးရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ် အများကြီး အဟန့်အတား ဖြစ်စေနိုင်ပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ အစီအစဉ်ဦးဆောင်သူ နှင့် အကြီးတန်း စီးပွားရေးပညာရှင် ကင်မ် အယ်လန် အဒ်ဝပ် က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here