နိုင်ငံပိုင် ဝါကြိတ်စက်ရုံ (၁၇) ရုံကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နှစ်ရှည်ငှားရမ်းသွားမည်

0
256

လက်ရှိတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ ဆောင်ရွက်ပေးနေမှုများအရ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများကို ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ နှစ်ရှည် ငှားရမ်းခြင်း၊ ရောင်းချပေးခြင်း စသည့် အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်း အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး ဦးစီးဌာန၏ ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲက ကြီးကြပ်ဆောင်ရွက်နေသည့် ဝါကြိတ်စက်ရုံ (၁၇) ရုံ ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နှစ်ရှည်ငှားရမ်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးမှ ဝါကြိတ်စက်ရုံ (၈) ရုံ၊ မကွေးတိုင်းဒေသကြီးမှ ဝါကြိတ်စက်ရုံ (၇) ရုံနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ဝါကြိတ်စက်ရုံ (၂) ရုံ၊ စုစုပေါင်း နိုင်ငံပိုင် ဝါကြိတ်စက်ရုံ (၁၇) ရုံကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နှစ်ရှည်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးမှ နှစ်ရှည်ငှားရမ်းပေးမည့် ဝါကြိတ်စက်ရုံများမှာ ငါန်းဇွန်၊ ကျောက်ဆည်၊ သဖန်း၊ သာစည်၊ မြို့သာ၊ ရွှေဒါး၊ မလှိုင်(၂)နှင့် ယင်းတော် ဝါကြိတ်စက်ရုံတို့ဖြစ်ပြီး မကွေးတိုင်းဒေသကြီးမှ နှစ်ရှည်ငှားရမ်းပေးမည့် ဝါကြိတ်စက်ရုံများမှာ စကု(၂)၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ရွာမွန်၊ အောင်လံ၊ ရွာထောင်နှင့် ဆင်ဖြူကျွန်း ဝါကြိတ်စက်ရုံတို့ဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီးမှ နှစ်ရှည်ငှားရမ်းပေးမည့် ဝါကြိတ်စက်ရုံများမှာ အရာတော်နှင့် ယင်းမာပင် ဝါကြိတ်စက်ရုံတို့ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တင်ဒါအဆိုပြု လွှာများကို စိုက်ပျိုးရေးဦးစီးဌာန၊ ထောက်ပံ့ဖြည့်တင်းရေးဌာနခွဲ၊ ရုံးအမှတ် (၄၃) နေပြည်တော်တွင် ဒီဇင်ဘာ (၁၂) ရက်မှ (၂၆) ရက်ထိ ရောင်းချပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာ (၂၇) ရက်တွင် တင်ဒါပိတ်သိမ်းမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here