ရုရှားနှင့် တရုတ်အပါအဝင် (၅) နိုင်ငံမှ ပြည်တွင်းသို့ လာလည်မည့် ခရီးသွားဧည့်သည်များအား ဗီဇာ (၁) လ ကင်းလွတ်ခွင့်ပေး

0
216

လာမည့် ၂၀၂၄ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံတို့မှ ခရီးသွားဧည့်သည်များကို (၁) လ (ရက် ၃၀) တိတိ ဗီဇာကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ အစီအစဉ်မှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ (၃၀) ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သူများကို (၁) လဗီဇာ ကင်းလွတ်ခွင့်ပြုရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဘရူးနိုင်း၊ လာအို၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့မှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကိုလည်း (၁၄) ရက်တာ ဗီဇာကင်းလွတ် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အထူးကမ္ဘာလှည့်ဗီဇာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ရုရှားနိုင်ငံသားများအနေဖြင့် ရက် ၃၀ ( ပြည်ဝင်ပြည်ထွက်ခွင့် ၂ ကြိမ်နှင့် ၃ လသက်တမ်း နေထိုင်ခွင့်ကာလ) နှင့် ရက် ၉၀ (အကြိမ်ကြိမ် ပြည်ဝင်ပြည်ထွက်ခွင့်နှင့် (၆) လသက်တမ်း နေထိုင်ခွင့်ကာလ) ရှိကြောင်း သိရသည်။

တရုတ်နှင့် အိန္ဒိယနိုင်ငံသားများအနေဖြင့် သာမန် (ဆိုက်ရောက်ဗီဇာကမ္ဘာလှည့်)ဖြင့် နေထိုင်လည်ပတ်နိုင်မည်ဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဘရာဇီး၊ ဘီလာရုစ်သမ္မတနိုင်ငံ၊ မော်ရိုကို၊ နီပေါ၊ ဂျပန်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ရုရှားနိုင်ငံတို့မှ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် နိုင်ငံအပေါ်မူတည်ကာ ရက် ၃၀ မှ ၉၀ အထိ ဗီဇာကင်းလွတ်ခွင်ဖြင့် နေထိုင်နိုင်မည်ဖြစ် ကြောင်း သိရသည်။

E- Visa လုပ်ငန်း ဗီဇာနေထိုင်ခွင့်သက်တမ်း ၇၀ ရက်အတွက် အမေရိကန်ဒေါ်လာ ၇၀၊ ကမ္ဘာလှည့်ဗီဇာ (၂၈) ရက်အတွက် ဒေါ်လာ(၅၀) ၊ကမ္ဘာလှည့်(Express) ၂၈ ရက်အတွက် ၅၆ ဒေါ်လာ သတ်မှတ်ထားပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံအနေဖြင့် ပြည်ဝင်ခွင့်ဗီဇာအမျိုးအစား (၁၄) မျိုး ခွင့်ပြုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here