နေပြည်တော်၊ မန္တလေး ၊ စစ်ကိုင်းတို့တွင် ရောင်းဝယ် ဖောက်ကားနေသည့် မူးယစ်မှောင်ခိုဂိုဏ်းအား ဖမ်းဆီးရမိကြောင်း နစက သတင်း ထုတ်ပြန်

0
238

ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများ သယ်ဆောင်ကာ နေပြည်တော်၊ မန္တလေး ၊ စစ်ကိုင်းတို့တွင်ရောင်းဝယ်ဖောက်ကားနေသည့် မူးယစ်ဂိုဏ်းအား ကာလတန်ဖိုး ၁၀ ဒသမ ၄၄ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း နစက က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ (၁) ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ ၊ လယ်ဝေးမြို့နယ် ၊ တောင်စင်အေး ကျေးရွာအနီး၌ တင်ဇော်လတ်မောင်းနှင်ကာ ကျော်စန်းဌေးလိုက်ပါလာသည့် မော်တော်ယာဉ်အား သတင်းအရ ရှာဖွေရာမှ ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါး (၄၂) သိန်း ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးချက်အရ စိတ်ကြွဆေးပြားများအား တာဝန်ခံသယ်ဆောင်သည့် ထန်ခိုဆေးအား ဒီဇင်ဘာ (၁) ရက် ည (၁၁) နာရီတွင် မန္တလေးတိုင်း ၊ ချမ်းအေးသာစံမြို့နယ် ၊ ၂၇ လမ်း ၂၈ လမ်းကြား ၆၃(C)လမ်းရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

၎င်း၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ ၎င်း၏ နေအိမ်မှ မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုသည့် Toyota Landcruiser ယာဉ် (၁) စီးနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှ ရရှိထားသည့် ငွေကျပ် ၁၂၀၂ သိန်းကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ချမ်းအေးသာစံမြို့နယ် အောင်နန်း(အရှေ့) ရပ်ကွက်တွင်နေထိုင်သည့် ဝင်းအောင်အား မူးယစ်ဆေးဝါး (၁၈) သိန်း၊ Prado မော်တော်ယာဉ် တစ်စီးနှင့်အတူ ဒီဇင်ဘာ (၂) ရက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း​ဖော်ပြထားသည်။

ထို့နောက် ငွေကြေးစီးဆင်းမှုကို စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာ (၅) ရက် နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ် ၊ အိုင်ကြီးကျေးရွာနေ သန်းသန်းထွန်း(ခ) အားစိုင်အား စိတ်ကြွဆေး ၁ ဒသမ ၇၆ သိန်း၊ ဘိန်းဖြူ ၈ ဒသမ ၈ ကီလို၊ Super Custom ယာဉ်(၁)စီး နှင့် အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကလေးမြို့ ၊တာဟန်းရပ်ကွက်တွင် နေထိုင်သည့် မလားဆန်းခူးမီးအား ဒီဇင်ဘာ (၉) ရက်တွင် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ဒသမ ၂ တန်နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ၎င်းတို့အဖွဲ့သည် မူးယစ်ဂိုဏ်းဖွဲ့ကာ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်အတွင်းမှ နေပြည်တော်၊ မန္တလေး ၊ စစ်ကိုင်းတို့တွင် ရောင်းဝယ်ဖောက်ကား နေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု နစက က သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ မူးယစ်ဂိုဏ်းထံမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ကာလတန်ဖိုး ၁၀ ဒသမ ၄၄ ဘီလီယံကျော်ဖိုးဖြစ်ပြီး ကွင်းဆက်တရားခံများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းရငွေများနှင့် ပိုင်ဆိုင်မှုများကို ပြည်သူဘဏ္ဍာအဖြစ် သိမ်းယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here