ထိုင်းရောက် အထောက်အထားရှိနှင့် အထောက်အထားမရှိ မြန်မာလုပ်သားများအကြား ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီသည့် အခြေအနေကွဲပြား

0
173

မြန်မာလုပ်သားများအကြား ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီသည့် အခြေအနေမှာ သိသိသာသာကွဲပြားနေကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် UNDP ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသို့ အထောက်ထားမဲ့ ရောက်ရှိနေသူများသည် ကျန်းမာရေး စောင့်ရှောက်မှု ရရှိမှုနည်းပါးပြီး စိတ်ကျန်းမာရေးချို့တဲ့သည့် ရောဂါများ ပိုမိုအဖြစ်များကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အထောက်အထားရှိသူနှင့် အထောက်အထားမရှိသူ (၂)မျိုးစလုံးတွင် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ အသုံးပြုနိုင်မှုသည် နေရာဒေသအလိုက် ကွာခြားမှုများရှိနေပြီး ဘန်ကောက်မြို့တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၏ လွှမ်းခြုံနိုင်မှုသည် အမြင့်မားဆုံးဖြစ်‌ကြောင်း ဖော်ပြထားသည်။

ရွှေ့ပြောင်းလုပ်သားများအား ၎င်းတို့၏ အလုပ်လုပ်ခွင့်ပါမစ်ပေါ် မူတည်၍ သတ်မှတ်ထားသည့် ဆေးရုံများတွင် မှတ်ပုံတင်ပေးသည့်စနစ်ကြောင့် ၎င်းတို့ နေရာပြောင်းရွှေ့ရလျှင် ကျန်းမာရေးစောင့်ရှောက်မှုများ ရယူနိုင်ရေး အဟန့်အတား ဖြစ်စေ‌ကြောင်းလည်း UNDP ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများအတွက် အားထားမှီခိုရာနေရာတစ်ခု ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံနှင့် လာအိုနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများမှ လူများကို ဆွဲဆောင်နိုင်ခဲ့‌ကြောင်းလည်း UNDP က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၂၃ ခုနှစ် ဧပြီလအထိ ကိန်းဂဏန်းများအရ ထိုင်းနိုင်ငံအတွင်း တရားဝင်လာရောက်သော ရွှေ့ပြောင်း လုပ်သားပေါင်း ၂ ဒသမ ၅ သန်း နေထိုင်လျက်ရှိသည်ဟု ခန့်မှန်းထားပြီး ထိုသူများသည် ရွှေ့ပြောင်းသွားလာမှု ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောက်ရှိလာကြသူများဖြစ်ပြီး ထိုသူများထဲမှ ၇၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် စာရွက်စာတမ်း အထောက်အထားများ ကိုင်ဆောင်ထားသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ထိုအထောက်အထားများမရှိကြသည့် ရွှေ့ပြောင်းလုပ်သားများကြား လုပ်ငန်းခွင် အခြေအနေများနှင့် အကျိုးခံစားခွင့်များ သိသာထင်ရှားစွာ ကွာခြားလျက်ရှိကြောင်းလည်း လေ့လာမှုအတွင်းတွေ့ရှိသည်ဟု UNDP ကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here