အာဖရိကအနောက်နှင့်အလယ်ပိုင်း၌ လူပေါင်းသန်း ၅၀ နီးပါး ငတ်မွတ်ခေါင်းပါးမှုဘေးကိုရင်ဆိုင်နေရ

0
158

ဒါကာ၊ဒီဇင်ဘာ ၁၃

ပဋိပက္ခများ၊ရာသီဥတုဖောက်ပြန်မှုနှင့် အစားအသောက်ဈေးနှုန်းများမြင့်မားမှုကြောင့် လာမည့်နှစ်၌ အာဖရိကအနောက်နှင့်အလယ်ပိုင်းတွင် လူပေါင်း ၄၉ ဒသမ ၅ သန်း စံချိန်တင် ငတ်မွတ်မှုဘေးကြုံရနိုင်သည်ဟုခန့်မှန်းထားကြောင်း ကုလသမဂ္ဂက ဒီဇင်ဘာ ၁၂ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါပမာဏသည် ၂၀၂၃ ခုနှစ်ထက် ၄ ရာခိုင်နှုန်း ပိုများလာသည်ဟုသိရသည်။ကမ်းရိုးတန်းနိုင်ငံများတွင်မူ ပြင်းထန်သောငတ်မွတ် ခေါင်းပါးမှုအားရင်ဆိုင်နေရသောပမာဏသည် ၂၀၂၄ ၌ ၆ ဒသမ ၂ သန်းအထိရောက်ရှိနိုင်ကြောင်းမျှော်မှန်းထားပြီး ယခုနှစ်ထက် ၁၆ ရာခိုင်နှုန်းတိုးလာနိုင်သည်ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများ၏ ဒေသတွင်းစားနပ်ရိက္ခာနပ်ရိက္ခာဖူလုံမှု ဆန်းစစ်ချက်အသစ်အရသိရသည်။

အာဖရိကအနောက်နှင့်အလယ်ပိုင်း၌ အိမ်ထောင်စုသုံးစုတွင် နှစ်စုကျော်သည် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို မတတ်နိုင်ကြကြောင်း ဆန်းစစ်ချက်တွင်ဖော်ပြထားသည်ကိုတွေ့ရှိရသည်။

ဆာဟာရသဲကန္တာရနှင့် ဆဗားနားဒေသများရှိ နိုင်ငံများဖြစ်ကြသည့် ဘာကီနာဖာဆို၊မာလီနှင့်နိုင်ဂျာနိုင်ငံများ၌မူ ကျန်းမာရေးနှင့်ညီညွတ်သည့်ထမင်းတစ်နပ်အတွက်ကုန်ကျစရိတ်မှာ နေ့စဉ်လုပ်အားခထက် ၁၁၀ ဆခန့်ပိုများနေသည်ဟုလည်းသိရသည်။

ငတ်မွတ်မှုဒဏ်ခံစားနေရသူများအနက် ၈၀ ရာခိုင်နှုန်းသောသူများသည် ပဋိပက္ခဖြစ်ပွားရာ‌နေရာများမှသူများဖြစ် ကြကာ အစိုးရနှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများက မထောက်ပံ့ပါက ယင်းဒေသများတွင် အခြေအနေများသည် ယခုထက်ပိုဆိုးရွားလာနိုင်သည်ဟုလည်းကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏စစ်တမ်းအရသိရှိရသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here