အိန္ဒိယပါလီမန်တွင် အမျိုးသားတစ်ဦး အမတ်တွေထိုင်ရာ ဧရိယာသို့ ဝင်ရောက်မှုဖြစ်ပွားကာ လုံခြုံရေး ကျိုးပေါက်

0
207

အိန္ဒိယပါလီမန်ရဲ့အောက်လွှတ်တော် အမတ်များထိုင်ရာ ဧရိယာကို ဗုဒ္ဒဟူးနေ့(ဒီဇင်ဘာ  ၁၃) က အမျိုးသားတစ်ဦး ခုန်ချဝင်ရောက်မှုဖြစ်ခဲ့ပြီး ပါလီမန် အဆောက်အဦတိုက်ခိုက်ခံရခြင်း ၂၃ နှစ်မြောက် နှစ်ပတ်လည်မှာလုံခြုံရေး ကျိုးပေါက်မှုဖြစ်ခဲ့ရပါတယ်။

အနက်ရောင် ဂျက်ကက်ဝတ်ထားတဲ့ အမျိုးသားတစ်ဦးဟာ လေ့လာရေးဧည့်သည်များ ဧရိယာကနေ အမတ်တွေထိုင်တဲ့ ဧရိယာဆီ ခုန်ဆင်းပြီး အမတ်တွေရဲ့ စားပွဲပေါ်တက်ခဲ့တာကို ရုပ်သံလိုင်းထုတ်လွှင့်မှုတွေမှာ တွေ့ရပါတယ်။

လွှတ်တော် အစည်းအဝေးခန်းအတွင်း အဖြူနဲ့ အဝါရောင် မီးခိုးတွေ ထွက်ပေါ်ခဲ့တာကို လွှတ်တော်အမတ်တစ်ဦး ဆိုရှယ်မီဒီယာပေါ်တင်တဲ့ ဓါတ်ပုံနဲ့ အိန္ဒိယတူဒေး ရုပ်သံလိုင်း ပြကွက်တွေမှာ တွေ့ရပါတယ်။

ကျူးကျော်လာသူဟာ သူတို့ဝေခွဲမရတဲ့ ကြွေးကြော်သံအချို့ အော်ဟစ်ခဲ့ပြီး အသံတွေဆူနေကာ မီးခိုးတွေလည်း ထွက်နေခဲ့တယ်လို့ လွှတ်တော်အမတ်တွေက ရုပ်သံလိုင်းတွေကို ပြောပြခဲ့ပါတယ်။

ကျူးကျော်သူဟာ သူ့ရှူးဖိနပ်ထဲမှာ မီးခိုးဗူးကိုဝှက်ယူလာခဲ့တာဖြစ်ပြီး ဗူးကနေ မီးခိုးတွေ ထွက်လာချိန်မှာ အမတ်တွေ အစည်းအဝေးခန်းကနေ ထွက်ပြေးခဲ့ကြတယ်လို့ အိန္ဒိယတူဒေးရုပ်သံက ပြောပါတယ်။ ယင်းအမျိုးသားဟာအမတ်ခုံတန်းနှစ်တန်းကို ခုံကျော်ကာ မင်းလမ်းထဲဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ဝင်တွေက သူ့ကိုဖမ်းမိပြီး အဆောက်အဦးအပြင် ခေါ်ထုတ်သွားခဲ့တာကို ရုပ်သံလိုင်းတွေမှာ တွေ့ရပါတယ်။

ဒါ့အပြင် အမျိုးသမီးတစ်ဦးကိုလည်း ဆွဲခေါ်ထုတ်သွားတာတွေ့ရပေမယ့် သူမဟာ ဒီချိုးဖောက်ဝင်ရောက်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့ ဒုတိယမြောက် ပုဂ္ဂိုလ်လားဆိုတာကိုတော့ လတ်တလော ရှင်းလင်းစွာ မသိရသေးဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်အပြီး မကြာခင် အောက်လွှတ်တော် အစည်းအဝေးအစီအစဉ်တွေကို ရပ်ဆိုင်းခဲ့ပေမယ့် နောက်တစ်နာရီလောက်အကြာမှာ ပြန်လည် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Ref: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here