ကိုးကန့်ဒေသမှ လာရောက်သူများကို ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ပြီး ငွေကြေးတောင်းခံသူများအား အရေးယူထားကြောင်း မိုင်းလားရဲတပ်ဖွဲ့ထုတ်ပြန်

0
233

ကိုးကန့်ဒေသကမှ လာရောက်သည့် ပြည်သူများအား ရဲတပ်ဖွဲ့ဝင်အဖြစ် အယောင်ဆောင်ကာ အခကြေး ငွေကောက်ခံပြီး နေထိုင်ခွင့်လက်မှတ် ပြုလုပ်ပေးနေသူများကို စစ်ဆေးအရေးယူခဲ့ကြောင်း မိုင်းလားအထူးဒေသ(၄)ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိကာလသည် ကိုးကန့်ဒေသမှ လာရောက်သူများကို မိုင်းလား ရဲတပ်ဖွဲ့အနေဖြင့် နေထိုင်ခွင့် လက်မှတ်နှင့် ယာဉ်နံပါတ်ပြား (ယာယီ) အခမဲ့ပြုလုပ်ပေးနေသည့် ကာလဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ပြီး အခကြေးငွေကောက်ခံကာ တရားမဝင်ပြုလုပ်ပေးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

စည်းကမ်းချိုးဖောက်ကာ အခကြေးငွေယူပြီး လုပ်ဆောင်နေခြင်းမှာ ပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ထိခိုက်ခြင်း၊ လူမှုအသိုင်းအဝိုင်း ပြေပြစ်မှုကို ဖျက်ဆီးခြင်းနှင့် ရဲတပ်ဖွဲ့ ပုံရိပ်ကို ဆိုးဝါးစွာ ထိခိုက်စေကြောင်း မိုင်းလားအထူးဒေသ(၄)ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မိုင်းလားရဲတပ်ဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုစနစ်များကို အနှောင့်အယှက်ဖြစ်စေပြီး ပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ထိခိုက်စေသည့် “ပွဲစား” လုပ်ရပ်များကို ပြင်းထန်စွာ တားဆီးနှိမ်နင်းသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ဖော်ပြထားသည်။ 

ပြည်သူများအနေဖြင့်လည်း အများသူငှာ စည်းလုံးရေးကိုထိခိုက်စေသည့် လုပ်ရပ်များကို အတူတကွ ကြီးကြပ်စောင့်ကြည့်ကြရန်နှင့် ကျူးလွန်သူများကို ရဲတပ်ဖွဲ့ထံ တိုင်ကြားပေးရန်လည်း အသိပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here