မလေးသို့ တရားမဝင်သွားမည့် မြန်မာ ၈ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီး

0
129

ဘန်ကောက်၊ဒီဇင်ဘာ ၁၄

မလေးသို့ တရားမဝင်သွားရောက်ရန် ကြိုးပမ်းနေသည့် မြန်မာနိုင်ငံသား ၈ ဦးအား ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းက ထိုင်းနိုင်ငံအတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်အဖွဲ့  King Cobra Task Force က ပြောကြားခဲ့သည်။

ပရာချူခီရီခန်ပြည်နယ် ဘန်ရန်ဆူးဧရိယာအနီး၌ ဖမ်းဆီးရမိသော မြန်မာနိုင်ငံသား ၈ ဦးနှင့် ၎င်းတို့အား ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်ပို့ဆောင်လမ်းပြပေးသည့် ထိုင်းနိုင်ငံသားတစ်ဦးနှင့်အတူဖမ်းဆီးခဲရာ ဟွန်ဒါအမျိုးအစားဆိုင်ကယ်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ကနဦးစုံစမ်းစစ်ဆေးမှုများအရ အဆိုပါမြန်မာနိုင်ငံသား ၈ ဦးသည် ရခိုင်၊ထားဝယ်နှင့်မြိတ်မြို့တို့မှဖြစ်ပြီး မလေးသို့သွားရောက်အလုပ်လုပ်ရန် စီစဉ်ထားသူများဖြစ်ကြောင်း မလေးနိုင်ငံသို့သွားရောက်အလုပ်လုပ်ရန်အတွက် ပွဲစားခအဖြစ်တစ်ဦးလျှင် ထိုင်းဘတ် ၃၈,၀၀၀ ပေးခဲ့ရသည်ဟု ဝန်ခံထားကြောင်းလည်းထိုင်းနယ်ခြားစောင့်တပ်ကဆိုသည်။

အဆိုပါမြန်မာနိုင်ငံသားများကိုစစ်ဆေးရာ၌ တရားဝင်အထောက်အထား စာရွက်စာတမ်းများမပါဝင်ဘဲ ထိုင်းနိုင်ငံဘက်ခြမ်းသို့ လမ်းပြပွဲစားအကူအညီဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းနယ်ခြားစောင့်တပ်သည် ဒီဇင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးရမိသော မြန်မာနိုင်ငံသား ၈ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးကို ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခဲ့ပြီးနောက် အသေးစိတ်ထပ်မံစစ်ဆေးရန်အတွက် အနွိုင်ရဲစခန်းသို့ပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။

ထိုင်းအာဏာပိုင်များသည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ရန် ကြိုးပမ်းသော မြန်မာနိုင်ငံသား အနည်းဆုံး ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြခဲ့သည်။

Source : Naewna


LEAVE A REPLY

Please enter your comment!
Please enter your name here