မိုးခေါင်မှုကြောင့် စပါးစိုက်တောင်သူတွေကို ကူညီဖို့ စစ်တပ်ကို အင်ဒိုအစိုးရ ညွှန်ကြား

0
210

အရှေ့တောင်အာရှနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးတိုင်းပြည်မှာ ပြင်းထန်တဲ့ မိုးခေါင်မှုကြောင့် အဓိကစားသုံးသီးနှံ အထွက်နှုန်း ကျဆင်းနေပြီး ဈေးနှုန်းကြီးမြင့်လာမှု၊ ပြည်ပကနေ တင်သွင်းဖို့ လိုအပ်လာမှု၊ စားနပ်ရိက္ခာလုံခြုံရေးအပေါ် ခြိမ်းခြောက်လာမှုတွေကြောင့် တောင်သူတွေကို စပါးစိုက်ရာမှာ အကူအညီပေးကြဖို့ အင်ဒိုနီးရှား အစိုးရက စစ်တပ်ကို ညွှန်ကြားခဲ့ပါတယ်။

အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားမှုဖြစ်ပေါ်ကာ စပါးစိုက်ပျိုးချိန် နောက်ကျခဲ့ရပြီး လတ်တလော မိုးရွာသွန်းမှုတွေကို အခွင့်ကောင်းယူ ကူညီပေးကြဖို့ ဘာဘင်ဆာလို့ သိကြတဲ့ ကျေးရွာတွေမှာ စစ်ဘက် ကြီးကြပ်ရေးအရာရှိတွေကို သမ္မတ ဂျိုကိုဝီဒိုဒိုက မှာကြားခဲ့ပါတယ်။

“ပြည်နယ် အချို့မှာ မိုးရွာသွန်းမှုရှိခဲ့ပါတယ်၊ ကျွန်တော်တို့ ဒါကို အခွင့်ကောင်းယူပြီး တောင်သူတွေကို စပါးစစိုက်စေချင်ပါတယ်” လို့ ဂျာဗားအလယ်ပိုင်းရှိ ပီကာလန်တန် အုပ်ချုပ်ရေးနယ်မြေသို့ သွားရောက်ခဲ့စဉ်အတွင်း ဝီဒိုဒိုက ပြောဆိုတယ်လို့ သမ္မတရုံးဆိုင်ရာ ယူကျူ့ချန်နယ်မှာ တင်ခဲ့တဲ့ ဗီဒီယိုပို့စ်အရ သိရပါတယ်။

“အယ်နီညိုကြောင့် နှောင့်နှေးမှုဖြစ်ခဲ့ပေမယ့် အခုချက်ချင်း ကျွန်တော်တို့ စိုက်ချင်တယ်၊ စိုက်ချင်တယ်၊ စိုက်ချင်ပါတယ်” လို့ လတ်တလော စိုက်ပျိုးပြီးထားတဲ့ စပါးကွင်းတွေရဲ့ ဘေးမှာရပ်ရင်း သူက ပြောဆိုခဲ့ပါတယ်။

ပုံမှန်အားဖြင့် ပိုပူပြီး ပိုမိုခြောက်သွေ့တဲ့ ရာသီဥတုကိုဖြစ်စေသော အယ်နီညိုဖြစ်စဉ်ကြောင့် ဆန်စပါး အဓိက ထုတ်လုပ် စားသုံးရာ အရှေ့တောင်အာရှနိုင်ငံများမှာ အထွက်နှုန်း လျော့ကျခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဆန်ထောက်ပံ့မှုကို အကျပ်အတည်းဖြစ်စေခဲ့ပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံဖြစ်တဲ့ အိန္ဒိယက တင်ပို့မှုကို ကန့်သတ်လိုက်ပြီးနောက်မှာ အာရှရဲ့ အဓိကဆန်တင်ပို့နိုင်ငံတွေမှာ ဈေးနှုန်းဟာ ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ၁၅ နှစ်အတွင်း အမြင့်ဆုံးအနေအထားဖြစ်လာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ဆန်အထွက် မက်ထရစ်တန် ၃၁.၅၃ သန်းရှိခဲ့ရာကနေ ယခုနှစ်မှာ တန် ၃၀.၉ သန်းသို့ ကျသွားခဲ့ကြောင်းသိရပါတယ်။ မိုးခေါင်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ ၂၀၂၄ ခုနှစ် စပါးစိုက်ကာလဟာလည်း နှောင့်နှေးမှုဖြစ်ခဲ့ပြီလို့ သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here