ထိုင်း အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံခြင်းထက် အမှန်တကယ် နေထိုင်ရန် အတွက်သာ ဝယ်ယူသင့်ဟုဆို

0
202

ဝယ်ပြီးပါကလည်း ပြန်ရောင်းပေးရန် အာမ မခံနိုင်ကြ

ထိုင်းနိုင်ငံရှိ ကွန်ဒိုဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းထက် အမှန်တကယ် နေထိုင်မှုအတွက်သာ ဝယ်ယူသင့်ကြောင်း မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေသည့် အိမ်ခြံမြေရောင်းဝယ်/အကြံပေးအဖွဲ့အစည်းက တိုက်တွန်းထားသည်။

“ထိုင်းရဲ့ စီးပွားရေးပုံစံက ကွန်ဒိုတွေ ချည်းပဲပြောရင် တစ်နှစ်ကို သုံးသောင်းခွဲကနေ ငါးသောင်းလောက် အသစ်တွေ ပေါ်တယ်။ ဒီကွန်ဒိုအသစ်တွေ ပေါ်နေရင် ကိုယ်က တကယ်နေလို့ ဝယ်ထားရင်တော့ ကောင်းတယ်။ ပြန်ရောင်းမယ့်အချိန်မှာ စဉ်းစားစရာဖြစ်လာတာပေါ့”ဟု Business Consultancy ကုမ္ပဏီလီမိတက်မှ Co-Founder & Director ဦးကောင်းငြိမ်းစိုးက ပြောသည်။

ထိုင်းနိုင်ငံရှိ ကွန်ဒိုများကို အခြားသူများ ဝယ်ယူသလို မိမိကပါလိုက်၍ ဝယ်ယူရင်းနှီးမြှုပ်နှံလိုက်ရခြင်းမျိုး မဖြစ်စေလိုဘဲ မိသားစု နေထိုင်ခြင်း၊ သားသမီးများ၏ ပညာရေးအတွက်သာ ဝယ်ယူသင့်ဟု ဆိုသည်။

“ကျွန်တော်တို့က ဝယ်မယ်ဆိုရင်တောင်မှ တွန်းမရောင်းဘူး။ နောက်တစ်ခုက ဝယ်ပြီးရင်လည်း ပြန်ရောင်းပေးမယ်လို့ အာမ မခံနိုင်ဘူး”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံရေးတည်ငြိမ်ပြီးစီးပွားရေး အရလည်း တိုးတက်မှုရှိတာကြောင့် ဆောက်လုပ်ငန်းရေးလုပ်ငန်းရှင်များက အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကာ ကွန်ဒိုများ အများအပြား ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

“ထိုင်းနိုင်ငံမှာက သူ့ဟာနဲ့သူ အထိုက်အလျောက် ကောင်းမွန်တဲ့ ဈေးကွက်တစ်ခုမှာ ဝယ်တဲ့သူတွေလည်း မများဘူးလားဆိုတော့လည်း များပါတယ်။ ရှိတာလည်း တိုးလာပါတယ်။ သို့သော် ဘယ်အရာ ပိုကောင်းလဲဆိုရင်တော့ လူတိုင်းက တည်ငြိမ်တဲ့ စီးပွားရေးကို ပိုလိုလားမှာပေါ့”ဟု ၎င်းက ပြောကြားထားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျှက်ရှိသည့် အခြေအနေများက အိမ်ခြံမြေ ဈေးကွက်အပေါ် သက်ရောက်မှုကြီးမားပြီး ယင်း၏ ရိုက်ခက်မှုကြောင့် ဈေးကွက်အတက်အကျ မြန်သည့်အတွက် အရှုံးအမြတ် ကြီးမားနိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here