ကျိုက်ထိုဆေးရုံတွင် ပန်းသီးလုံးအရွယ်ပမာဏရှိ ဦးခေါင်းပြည်တည်ခဲ့သည့် တစ်လသား ကလေးကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့

0
298

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပန်းသီးလုံးအရွယ်ပမာဏ ဦးခေါင်းပြည်တည်ခဲ့သည့် တစ်လသား ကလေးကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ တစ်လသား ကလေးငယ်ကို ဆံပင်သန်စေရန် ခေါင်းတုံးပေးရာမှ ထိခိုက်မှုဖြစ်ရာမှတဆင့် ဦးခေါင်းတွင် ပန်းသီးလုံးအရွယ် ပမာဏ ပြည်တည်ခဲ့ရာ ဒီဇင်ဘာ (၁၃) ရက်က အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တစ်လသား ကလေးငယ်မှာ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးရွာဘက်မှ ဖြစ်ပြီး မိဘဆွေမျိုးများမှ ကလေးငယ် ဆံပင်သန်စေရန် ခေါင်းတုံးပေးရာမှ အရေပြားထိခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားရာ သွေးအနည်းငယ်ထွက်သဖြင့် သွေးတိတ်စေရန် နနွင်းမှုန့်နှင့် ဆေးဖက်ဝင် အရွက်များကို ပါးစပ်ဖြင့် ဝါးကာ ဒဏ်ရာကို အုံပေးခဲ့ရာမှ ပြည်တည်ခြင်းဖြစ်ကြောင်းနှင့် ဦးခေါင်းထက်တွင် ပန်သီးလုံး ပမာဏ ပြည်များစုဝေးသွားကြောင်း သိရသည်။

ထို့နောက် ကလေးငယ်မှာ ပြည်တည်အနေကြောင့် နို့မစို့နိုင်သည့်အပြင် အသံထွက် မငိုနိုင်တော့သည့် အဆင့်အထိ ဖြစ်ပွားရာ ဆေးရုံသို့ ရောက်ရှိလာကြောင်း သိရသည်။

ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံကြီးမှ ကလေးငယ်ကို ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“မွေးဆံပင်မထားကောင်းလို့ ဦးခေါင်းကို ဂတုံးတုံးရိတ်ပစ်တဲ့ အယူအဆက မမှန်ကန်သလို အခန့်မသင့်ပါက ယခုကဲ့သို့ ကလေးအသက်အန္တရာယ် ဖြစ်ပွားနိုင်တယ်။”ဟု ဆေးရုံမှာ ဆရာဝန် တစ်ဦးက ဆိုသည်။

လက်ရှိတွင် ကလေးငယ်၏ ဦးခေါင်းမှ ပန်းသီးလုံးအရွယ် ပြည်လုံးကြီးကို အောင်မြင်စွာ ခွဲထုတ်ပေးနိုင်ခဲ့ကြောင်း ကျိုက်ထိုပြည်သူ့ဆေးရုံမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here