တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုရရှိစေရန် ဆောင်ရွက်မည်ဟု နစက ပြောရေးဆိုခွင့်ရှိသူပြော

0
236

နစက အစိုးရအနေဖြင့် မြန်မာတစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဒီဇင်ဘာလ (၁၅) ရက်က ထုတ်ပြန်သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၏ ပုံမှန်သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မည်သည့် တိုက်ခိုက်မှုများ ရှိနေပါစေ ၊ မည်သည့် ဝေဖန်မှုတွေ ရှိနေပါစေ ၊ အဓိကကတော့ ကျွန်တော်တို့ ပြည်သူပြည်သားတွေ ငြိမ်းချမ်းစွာနေနိုင်ဖို့ပဲအရေးကြီးပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

စစ်ပွဲနှင့် တိုက်ပွဲများ ဖြစ်ပွားနေပါက အဆိုပါစစ်ပွဲဧရိယာအတွင်းရှိ ပြည်သူများအနေဖြင့် စစ်၏ အနိဌာရုံများကို ခံစားကြရမည်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး ပြည်လည်ငြိမ်းချမ်းရေးကို ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံက ရှမ်းပြည်နယ် မြောက်ပိုင်း ‌ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပါဝင်ကူညီနေမှုနှင့် ပတ်သက်၍လည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ‌ထည့်သွင်း ပြောကြားခဲ့သည်ကို တွေ့ရသည်။

ယင်းသို့ ကူညီဆောင်ရွက်ပေးမှုကြောင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်နှင့် ပတ်သက်၍ အနောက်အားကိုးအဖွဲ့များ၏ ဝေဖန်မှုများကို တွေ့မြင်ရမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ကူမင်း ဆွေးနွေးပွဲ သဘောတူညီမှုအရ ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ဖော်ဆောင်ခဲ့သည့် MNDAA အဖွဲ့ နှင့် မြန်မာ့တပ်မတော်တို့အကြား ဒီဇင်ဘာ လကုန်ပိုင်းအထိ အပစ်ရပ်ထားရန် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

လက်ရှိတွင် MNDAA က ထိုးစစ်ဆင်နေသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တိုက်ပွဲများ ရပ်တန့်လျှက်ရှိနေပြီး မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့တွင် ပါဝင်သည့် TNLA ထိန်းချုပ် နယ်မြေများအတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here