အာရှလမ်းသစ်တွင် KNLA နှင့် ပူးပေါင်းအဖွဲ့များ ရှိနေဆဲဖြစ်သည့်အတွက် ထို့ကော်ကိုး လမ်းပိုင်းမှသွားလာနေရ

0
174

ထိုင်း – မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မြဝတီ – ကော့ကရိတ် လမ်းပိုင်းတွင် KNLA နှင့် PDF ပူးပေါင်းအဖွဲ့များ ရှိနေဆဲဖြစ်သည့်အတွက်(၂) ပတ်ကျော် ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နေပြီး လက်ရှိတွင် ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုနေရကြောင်း ဒေသခံများနှင့် ကုန်စည်ပို့ဆောင်ရေးသမားများထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁) ရက် နံနက်ပိုင်းက စတင်ကာ မြဝတီ – ကော့ကရိတ် လမ်းပိုင်းနှင့် ကော့ကရိတ်မြို့နယ်အနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် လက်ရှိအချိန်ထိ အဆိုပါ လမ်းပိုင်းတွင် ခရီးသွားလာနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

” အာရှလမ်းမှာက နေရာတိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေက ရှိနေတယ်။ ပြီးတော့ ဒီလမ်းကို သူတို့ ထိန်းချုပ်ထားတုန်းပဲ။ နှစ်ပတ်ကျော်ပြီပေါ့။ ဘယ်သူမှ မသွားရဲကြသေးဘူး။ အန္တရာယ်များလို့” ဟု မြဝတီဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဒီဇင်ဘာ (၁) ရက် နံနက်ပိုင်းက အာရှလမ်း ကော့ကရိတ်မြို့အနီး တိုက်ပွဲပြင်းထန်ခဲ့ကာကုန်တင်ယာဉ်အချို့ မီးရှို့ခံခဲ့ရပြီး ယာဉ်အစီးရေ ရာနှင့်ချီ၍ ပိတ်မိနေခဲ့သည်။ယာယီလမ်းဖွင့်၍ ဖြတ်သန်းခွင့်ပြုခဲ့ပြီးနောက် ယင်းလမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့်ကို လက်ရှိအချိန်ထိ တားမြစ်ထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လမ်းပိတ်နေသည့်အတွက် မြဝတီမှ ရန်ကုန်သို့ သွားလာမည့် ခရီးသည်များနှင့် ကုန်စည်များအား ထို့ကော်ကိုး လမ်းပိုင်းမှသာ သယ်ယူပို့ဆောင်နေရပြီး ကုန်ကျစားရိတ်များ မြင့်မားနေကြောင်း ထိုင်းမှ ကုန်စည်တင်သွင်းသူများ ထံမှ သိရသည်။

” အခုတော့ ထို့ကောကိုး လမ်းကပဲ သွားနေရတာပေါ့။ လမ်းက ဆိုးတော့ ရက်ပိုကြာတယ်။ ပြီးတော့ စားရိတ်တွေဘာတွေလည်း ပိုကုန်တယ်။ ကုန်သီးသန့်သယ်တဲ့ ကားတွေလည်း သွားသလို ၊ လူပါတင်တဲ့ ကားသေးလေးတွေလည်း ဒီလမ်းကပဲ သွားနေရတာပေါ့။ အရင်ထက်တော့နှစ်ဆသုံးဆလောက်တော့ ပိုကုန်တယ်” ဟု ထိုင်းနိုင်ငံမှ လူသုံးကုန်ပစ္စည်းများ တရားဝင်တင်သွင်း ရောင်းချသူ တစ်ဦးက ပြောသည်။

အဆိုပါ ထို့ကော်ကိုးလမ်းပိုင်သည် KNU/ KNLA-PC ထိန်းချုပ် ဧရိယာအတွင်း ပါဝင်နေသည့်အတွက် KNU/ KNLA- PC မှ လမ်းအသုံးပြုခ ကောက်ခံမှုရှိကာ အခြားလက်နက်အဖွဲ့အစည်းများ၏ ဂိတ်များလည်း ရှိကြောင်း သိရသည်။

ယင်းလမ်းပိုင်းမှ သွားလာသည့် ခရီးသည်တင် ယာဉ်ငယ်များအနေဖြင့် ခရီးသည်အနည်းအများပေါ် မူတည်ကာ ယာဉ်စီးခ ကောက်ခံကြပြီး အနည်းဆုံး (၆၀၀၀၀) ကျပ်မှ (၁) သိန်းကျော်အထိ အစားစားပေးနေရကြောင်းလည်း ခရီး သွားပြည်သူများ၏ မျှဝေမှုများမှတဆင့် သိရသည်။

မြဝတီ – ကော့ကရိတ် လမ်းပိုင်းမှ ဖြတ်သန်းသွားလာ၍ မရသည့်အတွက် ဒီဇင်ဘာ (၁) ရက် နောက်ပိုင်းမှ စတင်ကာ ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေး ခက်ခဲနေပြီး ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုများ ရှိနေရကြောင်း သိရသည်။

အဆိုပါ မြဝတီ – ကော့ကရိတ် လမ်းပိုင်းပေါ်ရှိ တောနော်ရေတခွန်အနီးမှတံတားတစ်စင်းအား KNLA နှင့် PDF ပူးပေါင်းအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် မိုင်းခွဲ ဖျက်ဆီးခဲ့သည့်အတွက် တံတားပျက်စီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှတဆင့် သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here