ကျပ်ငွေတန်ဖိုး အားပျော့သဖြင့် EV ဝယ်လိုအား လက်လှမ်းမမီဟုဆို

0
269

ပြည်တွင်း၌ ကျပ်ငွေတန်ဖိုး အားပျော့သဖြင့် EV ဝယ်လိုအား လက်လှမ်းမမီသေးကြောင်း ပြည်တွင်းသို့ EV ယာဉ်များ တင်သွင်းနေသည့် BYD Essential Motor Co.,Ltd မှ Executive Director ဒေါက်တာစိုးထွန်းက ပြောသည်။

ယခု ဒီဇင်ဘာလကုန်တွင် တစ်နှစ်ပြည့်တော့မည် ဖြစ်သည့် EV Pilot Project နှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းကအထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“တဖက်က ပြောရင်လည်း Exchange Rate၊ မြန်မာကျပ်ငွေ အားနည်းတဲ့ အတွက်ကြောင့် ကားတန်ဖိုးတွေ မြင့်တယ်။ ပြောရရင် တော်တော်များများက လက်လှမ်းမမှီဘူးလို့ ပြောကြတယ်။

အရေအတွက် များများ ပေးသွင်းမယ်၊ တစ်ဖက်က လျှပ်စစ်မီးနဲ့ အားသွင်းရုံတွေ ကောင်းအောင် လုပ်မယ်ဆိုရင်တော့ EV ယာဥ်သုံးစွဲမှု များလာမှာပေါ့။ လက်ရှိအခြေအနေမှာတော့ EV ကို ပိုပြီး စိတ်ဝင်စားမှု များလာတယ်”ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

လျှပ်စစ်ကား(EV)နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခွင့်အပေါ် ကနဦးရှေ့ပြေးစီမံကိန်းကာလအဖြစ် ၂၀၂၃ ဇန်နဝါရီလမှ ဒီဇင်ဘာလ (၃၁) ရက်အထိ သတ်မှတ်ထားခြင်းဖြစ်ပြီး ပြည်တွင်း၌ EV ယာဉ်အစီးရေ ၁၀၀၀ ဝန်းကျင် တင်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။

” အစီးရေတော့ နည်းသေးတယ်။ လက်ရှိမှာ အစီးရေ ၁,၀၀၀ လောက်ပဲ ဆိုတော့ မူလ သူတို့ ရည်မှန်းတဲ့ အစီး ၃၀,၀၀၀ ဆိုတော့ အခုက တကယ်သွင်းတာ ၁,၀၀၀ လောက်ဆိုတော့ အမှန်တော့ အများကြီးမရှိသေးဘူး။ EV ဝယ်လိုအားတော့ များနေတာပေါ့။ တဖက်ကလည်း အခြေခံအဆောက်အဦပေါ့။ အများပြည်သူသုံး အားသွင်းရုံ (Public Charging Station) က ထပ်ပြီးတော့ အများကြီး (လိုအပ်တယ်)။ လျှပ်စစ်မီး အခက်အခဲရှိတယ်”ဟု ၎င်းက ပြောသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဘက်မှ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ နေရာ(၅)ခုတွင် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် အားသွင်းရုံ (၅) ခုကို ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်ထားပြီး အားသွင်းရုံ (၁) ခုတွင် EV (၅၀) စီး အား ဖြည့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားသွင်းရုံ (၅)ခုကို ဇီးရိုးမိုင် အမှတ်(၃)လမ်းဆုံ၊ (၁၁၅)မိုင် ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၂) နေပြည်တော်စီလမ်းဆုံ၊ မိုင်တိုင် (၂၈၄/၄) သီးကုန်းယာဉ်ရပ်နားစခန်းနှင့် မိုင်တိုင် (၃၅၂/၃) စကားအင်းလမ်းဆုံတို့တွင် တည်ဆောက်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here