ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် Myanmar GED Consortium တည်ထောင်ရန် ပထမအကြိမ် အစည်းအဝေး ပြုလုပ်

0
215

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရအသိအမှတ်ပြု Myanmar GED Consortium တည်ထောင်ရန် ပထမအကြိမ် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များအပါအဝင် မြန်မာနိုင်ငံမှ လုပ်ငန်း အတွေ့အကြုံရှိပြီး အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်၍ စီမံကိန်း ကုမ္ပဏီဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြောကြားခဲ့သည်။

Myanmar GDE Consortium ဖွဲ့စည်းရေးအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာကို နိုင်ငံပိုင်သတင်းစာများတွင် အသိပေးကြေညာထားပြီးဖြစ်ကြောင်းလည်း သိရသည်။

အထူးစီးပွားရေးဇုန်များသည် မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ဒေသတွင်းနိုင်ငံများအတွက်ပါ အရေးပါကြောင်း၊ အလားတူ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးကြီးကြောင်း ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြောကြားခဲ့သည်။

အစည်းအဝေးတက်ရောက်လာကြသူများက လျှောက်ထားလာသည့် မြန်မာကုမ္ပဏီများ၏ အဆိုပြုလျှောက်လွှာများ စိစစ်ရွေးချယ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် မူဝါဒလုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here