နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော် ဝင်မည့် ​မြန်မာ့​ပြောင်း

0
253

ဒီဇင်ဘာလ (၁၂) ရက်တွင် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း (MCIA)နှင့် ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ကုမ္ပဏီများနှင့် ပြောင်းဝယ်ယူရောင်းချခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ပြီး ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းအချင်းချင်း B to B စနစ်ဖြင့် တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ မြန်မာ့ပြောင်းတင်ပို့နိုင်ရန်  မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းအနေဖြင့် ဦးဆောင်စုစည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ပြောင်းကို တရုတ်၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့မှ ဝယ်လိုအားများလျက်ရှိပြီး ယခုလို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဈေးကွက်တည်ငြိမ်မှုနှင့် ကုန်သွယ်မှု ပမာဏ တိုးတက်လာမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင်ပြောင်းစိုက်ဧက(၂)သန်းကျော်ရှိပြီး တန်ချိန် (၃)သန်းကျော် ထွက်ရှိကြောင်း၊ ပြည်တွင်းသုံးစွဲမှုအနေဖြင့် တန်ချိန် (၁) သန်းခန့်ရှိပြီး နှစ်စဉ်ပြည်ပသို့ တန်ချိန်(၂)သန်းကျော်တင်ပို့လျက်ရှိကြောင်း သိရသည်။

တရုတ်၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများသို့ ယခုကဲ့သို့ ပြောင်းဝယ်ယူရောင်းချရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းအတွက် နိုင်ငံတော်အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော် ဝင်ငွေရှာဖွေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နားလည်မှုစာချွန်လွှာကိုလည်း နှစ်ဘက်ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်း လုပ်ငန်းရှင်များအသင်းမှ ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here