နေပြည်တော် တိုင်းရင်းဆေးရုံတွင် လူနာ (၂၇၀) ကို လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများပေး

0
243

(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်အမျိုးသားပရ ဆေးဥယျာဉ်ရှိ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံတွင် လူနာ (၂၇၀) ကို လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ကြောင်း သိရသည်။ 

နေပြည်တော်အမျိုးသားပရဆေးဥယျာဉ်ရှိ ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ၊ ပြင်ပလူနာဌာနခွဲ၌ အကြိုလှုပ်ရှားမှု ဆေးကုသခြင်းကို ဒီဇင်ဘာ (၁၆)ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အကြိုလှုပ်ရှားမှု ဆေးကုသခြင်းတွင် ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို ဦးဆောင်သော တိုင်းရင်းဆေးပညာရှင်များကသွေးတိုး၊ ဆီးချို၊ လေငန်း၊ လေဖြန်း၊ ပါးရွဲရောဂါများ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ်ရောင်၊ အဆစ်နာရောဂါများ၊ မီးယပ်ရောဂါများ၊ ကလေးသူငယ်နာရောဂါများ၊ လိပ်ခေါင်း၊ ဂရင်ဂျီနာနှင့် အနာပေါက်ရောဂါများ၊ ရာသီတုပ်ကွေးနှင့် အဖျားရောဂါစသဖြင့် စုစုပေါင်း လူနာ (၂၇၀) ကို လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများအဖြစ် သောက်ဆေး၊ လိမ်းဆေး၊ အကြောပြင်ကုသခြင်း၊ ကြပ်ထုပ်ထိုးကုသခြင်းနှင့် ဆေးစည်းဆေးကပ်ခြင်းစသည့် ကုသမှုများဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ 

(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှော ဖလှယ်ပွဲကို ဒီဇင်ဘာ (၂၀)မှ (၂၂)ရက်အထိ ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်းဆေးဆရာကြီးများ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here