ကောလင်းနှင့် ထီးချိုင့် အပါအဝင် ယာယီတိုက်ပွဲရှောင် ကျောင်းသား/သူများအား IBEC ကျောင်းတွင် ပညာသင်ကြားနိုင်ကြောင်း ဖိတ်ခေါ်ထားရာ ဆက်သွယ်မှုများပြား

0
233

ကောလင်းနှင့် ထီးချိုင့်အပါအဝင် ဒေသအသီးသီးမှ ယာယီတိုက်ပွဲရှောင်နေရသည့်အတွက် ပညာသင်ယူခွင့် ဆုံးရှုံးနေသော ကျောင်းသား /သူများကို International Buddhist Education Centre (IBEC) ကျောင်းတွင် ပညာသင်ကြားနိုင်ကြောင်း ဖိတ်ခေါ်ထားရာ ဆက်သွယ်မှုများပြားကြောင်း IBEC ကျောင်းမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ IBEC ကျောင်းကို အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ အရှင်သောဘိတက တည်ထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“လိုသူမျှပေး ပညာရေး” အစီအစဉ်ဖြင့် ယာယီတိုက်ပွဲရှောင်ဒေသမှ ကလေးငယ်များအား ပညာဆက်လက်သင်ကြားနိုင်စေရန်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ခွဲခြားမှု မရှိဘဲ လွတ်လပ်ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်ရေး ရည်ရွယ်ချက်များဖြင့် စိန်ခေါ်မှုများကြားမှ အကောင်အထည်ဖော်ဆော င်ပေးနေခြင်းဖြစ်ကြောင်း IBEC ကျောင်းမှ သိရသည်။

“အနာဂတ် မြန်မာနိုင်ငံကြီး တည်ဆောက်ရေးအတွက် တို့တစ်တွေ ပညာရေးဟာ အင်မတန်အရေးကြီးတယ် ဆိုတာကို ဘုန်းဘုန်းတို့ အားလုံး သိပြီးသားပဲ ပညာသမာ အာဘာနတ္တိ၊ ပညာနရာနံရတနံတဲ့။ တိုင်းပြည်ကို ပညာနဲ့တည်ဆောက်ခဲ့တဲ့ စင်္ကာပူနိုင်ငံကိုကြည့် အခုဘယ်လောက်တိုးတက်နေတဲ့ တိုင်းပြည်လဲ ဒါလည်း အားလုံးမျက်မြင်ပဲပေါ့။ ခု ဘုန်းဘုန်းလုပ်နေတာတွေ အားလုံးဟာ နောင် Generation တွေ နောင်မျိုးဆက် နှစ်ဆက် သုံးဆက်တိုင်အောင် ကောင်းကျိုးတွေများအောင် ခံစားနိုင်အောင် လုပ်ပေးနေတာပါ။ တိုင်းပြည်ကို ပညာနဲ့ တည်ဆောက်နိုင်လေလေ အဲ့တိုင်းပြည် တိုးတက်ကြီးပွားလေပဲ တိုင်းပြည်မှာ ပညာတတ်၊ ပညာရှင်တွေ ပေါများလေလေ အဲ့တိုင်းပြည်သာယာဝပြောလေပဲ။ ဒါတွေကိုလည်း အားလုံးသိပြီးသားပဲ”ဟု ဆရာတော်က မိန့်ကြားသည်။

IBEC ကျောင်းအပ်လက်ခံခြင်းနှင့် ပတ်သက်၍ IBEC ပညာရေးဘုတ်အဖွဲ့အား တတ်နိုင်သမျှနည်းလမ်းများဖြင့် ကူညီပေးရန်၊ ကလေးငယ်များ ပညာသင်ယူခွင့်မဆုံးရှုးစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက် ဆက်သွယ်ဆောင်ရွက်ရန်လည်း ဆရာတော်က လမ်းညွှန်ထားသည်။

အဆိုပါ ပညာရေး အထူးအစီစဉ်တွင် ခရိုင်ပညာရေးမှူး၏ ထောက်ခံခွင့်ပြုချက်ဖြင့် အထက်ဖော်ပြပါ ဒေသများမှ စစ်ဘေးရှောင်ကလေးငယ်များအား ပညာရေးတစ်ပိုင်းတစ်စ မဖြစ်စေရန်အတွက် ရည်ရွယ်ကာ ဒီဇင်ဘာ (၁၂) ရက်မှ စတင်၍ ကျောင်းအပ်လက်ခံခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – International Buddhist Education Centre (IBEC)


LEAVE A REPLY

Please enter your comment!
Please enter your name here