နိုင်ငံနှင့် ပြည်သူ့အကျိုးကို မကြည့်ဘဲ ကိုယ်ကျိုးအတ္တများဖြင့် လုပ်ဆောင်နေမည်ဆိုပါက တိုင်းပြည်အတွက် အန္တရာယ်ကြီးမားကြောင်း နစက ဥက္ကဋ္ဌပြောကြား

0
183

ယနေ့ခေတ်အချိန်အခါတွင် လွဲမှားသည့်အယူအဆများ ၊ ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်၍ လွဲမှားစွာ ဆောင်ရွက်နေမည်ဆိုပါက တိုင်းပြည်အတွက် အန္တရာယ်ကြီးကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယနေ့ ဒီဇင်ဘာ (၂၀) ရက် နံနက်ပိုင်းက နေပြည်တော် ၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) တွင် ပြုလုပ်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လူငယ်နှင့်စာပေအနုပညာပွဲတော်” သို့ တက်ရောက် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

” မှန်ကန်တဲ့အသိ၊ မှန်ကန်တဲ့ သတိတရားတို့နဲ့ နိုင်ငံနဲ့ လူမျိုးအကျိုးကို သယ်ပိုးပေးကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ကျင်းပသည့် လူငယ်နှင့် စာပေအနုပညာပွဲတော်သည် အလွန်တန်ဖိုးရှိသည့် လူငယ်များနှင့် လူသားအရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပင်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူငယ်များ ပေါများနေရန် လိုအပ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ကြောင့် အသိပညာ အတတ်ပညာနှင့် ပြည့်စုံသည့်လူငယ်များ မဖြစ်မနေလိုအပ်သည့်အတွက် နိုင်ငံသားတိုင်း ပညာရေမြင့်မားရေးအတွက် အစိုးရက ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းလည်းဆိုသည်။

ဗလငါးတန်နှင့် ပြည်စုံပြီးအသိဉာဏ် ဖွံ့ဖြိုးသည့် လူငယ်များ ဖြစ်ထွန်းလာစေရေးအတွက် မိဘနှင့်ဆရာ/ဆရာမများအပါအဝင် တာဝန်ရှိသူအားလုံးက အလေးအနက်ထား ပြုစုပျိုးထောင်ပေးကြရန်လည်း တိုက်တွန်း ပြောကြားသွားသည်။

ထို့အပြင် အကြောင်းကြောင့် လမ်းမှားရောက်ကာ အနာဂတ်ပျောက်ဆုံးနေသည့် လူငယ်များကို နိုင်ငံတော်အစိုးရအနေဖြင့် မိဘနှင့် သားသမီးများကဲ့သို့ မေတ္တာထားပြီး လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာစေရန် နည်းလမ်းများ ရှာဖွေဖော်ဆောင်ပေးလျက်ရှိကြောင်းလည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here