တာချီလိတ်တွင် ကာလတန်ဖိုး ငွေကျပ် သိန်း ၂၄၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
136

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ ခြံဝင်းတစ်ခုနှင့် ဟိုတယ်နှင့် လမ်းဘေးခြုံပုတ်ထဲတွင် ဖွက်ထားသည့်ကာလတန်ဖိုး ငွေကျပ် သိန်း ၂၄၀၀.၀၃၅ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ ခြံဝင်းတစ်ခုအား ဒီဇင်ဘာ (၁၈) ရက် ညနေ (၄) နာရီခွဲအချိန်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာ အိုက်ကျုံး၊ အိုက်ချန်းတို့နှင့် အတူ ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀၀ ပြား ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း ၁၆၀၀ နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်တွင် အာနွန်ချမနန်အား တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၅) ပြား ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် (၃၅၀၀) နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက် စစ်ဆေးရာ ဒီဇင်ဘာ (၁၉) ရက် ညနေ (၄)နာရီအချိန် တာချီလိတ်မြို့နယ်၊ ဟွေရဲမြို့ရှောင် လမ်းဘေးရှိ ခြုံအတွင်းမှ အိုက်ကျုံးနှင့် အိုက်ချန်းတို့ သိမ်းဆည်းထားခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ပြား ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် သိန်း ၈၀၀ အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အိုက်ကျုံး(၃၅)နှစ်၊ အိုက်ချန်း(၃၂)နှစ်နှင့် အာနွန်ချမနန်(၂၆)နှစ်တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here