ကားဈေးကွက် အေးနေပြီး ဈေးနိမ့်ကားများသာ အရောင်းအဝယ်ဖြစ်နေ

0
181

လက်ရှိ ပြည်တွင်း ကားဈေးကွက်အတွင်း၌ အရောင်းအဝယ် အေးနေပြီး ဈေးနိမ့်ကားများသာ အရောင်းအဝယ် ဖြစ်နေကြောင်း ကားတင်သွင်းသူ ဒေါက်တာစိုးထွန်းက ပြောသည်။

“ကားစျေးကွက် တစ်ခုလုံးက အေးပါတယ်။ ဘာလို့လဲဆိုတော့ အရင် တက်သွားတာ တအားများတယ်။ အခုတော့ နည်းနည်း ပြန်ကျပါပြီ။ ဒီအတိုင်းနဲ့ ငြိမ်နေတယ်။ အောက်ကားတွေ အရောင်းအဝယ် နည်းနည်းပြန်ဖြစ်တယ်။ ကားကတော့ ဝယ်လိုအားတော့ ရှိသေးတယ်။ စျေးများတာ တချက်ပဲ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ၂၀,၀၀၀ ကျပ်တန်ငွေစက္ကူကို ထုတ်ဝေမည့် ဂယက်မှစတင်ပြီး ကားဈေးကွက်အတွင်း ဈေးကွက် ကမောက်ကမဖြစ်ကာ ဈေးနှုန်းမြင့်တက်မှုများဖြစ်ပေါ် ခဲ့ခြင်း ဖြစ်သည်။

ကားဈေးကွက်အတက်အကျကို အဓိက ဖြစ်စေသည့် ကားတင်သွင်းခွင့်မူဝါဒ၊ ဒေါ်လာဈေး၊ ကားဝယ်လိုအား အချက် (၃) ချက်၌ ဒေါ်လာဈေးမြင့်တက်ခြင်းမရှိသော်လည်း တင်သွင်းခွင့်ပါမစ်ပိတ်ထားခြင်း၊ ကားဝယ်လိုအားမြင့်တက်နေခြင်းကြောင့် ကားဈေး မြင့်တက်နေခြင်းဖြစ်ကြောင်း ကားဝယ်ရောင်းသမားများက သုံးသပ်ထားသည်။

“ဒေါ်လာလွတ်လွတ်လပ်လပ် ရောင်းဝယ်ခွင့်ပြုလိုက်ပေမယ့် ကားစျေးကွက်အပေါ် သက်ရောက်မှုတော့ မရှိပါဘူး”ဟု ၎င်းကဆက်လက်ပြောကြားသည်။

လက်ရှိ ကားဈေးကွက်တွင် အမှန်တကယ် စီးမည့်သူ ဝယ်လိုအား ၃၀ ရာခိုင်နှုန်းခန့်သာရှိပြီး ဝယ်ရောင်း ရင်းနှီးမြှုပ်နှံသူတွေသာ ဝယ်ရောင်းလုပ်နေကြသည့်အတွက် ပေါက်ဈေးအမှန်ပြောရန် ခက်ခဲကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here