မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုအတွက် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး

0
179

ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ အချင်းချင်း ချိတ်ဆက်ပေးနိုင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မန္တလေးတိုင်းဒေသကြီး၏ စီးပွားရေးအလားအလာများ သိသာပေါ်လွင်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် Mandalay International Trade Fair & Investment Forum 2023 ဖွင့်ပွဲကို ဒီဇင်ဘာလ (၂၀) ရက်တွင် Mandalay Convention Center ၌ ကျင်းပခဲ့သည်။

ထိုဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအတွက် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မန္တလေးတိုင်းဒေသကြီးသည် အဓိကကျသည့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်ထားနိုင်ပြီး စက်မှုလုပ်ငန်းများထွန်းကားသည့် တိုင်းဒေသကြီး ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံ အကြောင်းတရားများနှင့် ပြည့်စုံနေသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် နိုင်ငံတော်က အားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ထုတ်လုပ်မှု ကွင်းဆက်များတွင် ပါဝင်နိုင်ခြင်းဖြင့် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်နိုင်ရန် အလားအလာကောင်းများရှိကြောင်းလည်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယခုကဲ့သို့ နိုင်ငံတကာ ကုန်စည်ပြပွဲများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းကျင်းပခြင်းကြောင့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံနိုင်ခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းမှတစ်ဆင့် ပို့ကုန်ကဏ္ဍတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်တွင်း၌ ကျင်းပသည့် နိုင်ငံတကာကုန်စည်ပြပွဲများမှတဆင့် နိုင်ငံတကာတွင် ကျင်းပသည့် ကုန်စည်ပြပွဲများသို့ ပြည်တွင်းကုန်ထုတ် လုပ်သူများနှင့် လုပ်ငန်းရှင်များပါဝင်နိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် ၁၀၀ ရာခိုင်နှုန်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် နို့၊ ပဲနို့ရည်အမျိုးမျိုးနှင့် ရေသန့်ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဥရောပ၊ အာရှအဖျော် ယမကာ ကုမ္ပဏီလီမိတက်နှင့် ၁၀၀ ရာခိုင်နှုန်း ကိုရီးယားနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် တိရစ္ဆာန်အစားအစာနှင့် အခြားဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း ဆောင်ရွက်နေသည့် Sunjin Myanmar Co; Ltd သို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here