အဓ္ဓမခိုင်းခံရသူတွေအပေါ် ဂျပန်ကုမ္ပဏီများက လျော်ကြေးပေးရန် တောင်ကိုရီးယား တရားရုံးချုပ် စီရင်ချက် ဂျပန်ကန့်ကွက်

0
205
Japan's former foreign minister Yoshimasa Hayashi, who is reported to be appointed as Chief Cabinet Secretary, attends the vote on a no-confidence motion against Prime Minister Fumio Kishida's cabinet at a plenary session of the House of Representatives in Tokyo on December 13, 2023. (Photo by Kazuhiro NOGI / AFP)

ဂျပန်တို့ သိမ်းပိုက်ထားတဲ့ ၁၉၁၀-၁၉၄၅ ခုနှစ်တွေအတွင်း တောင်ကိုရီးယားအလုပ်သမားတွေကို အဓ္ဓမလုပ်အားစေခိုင်းခဲ့မှုဖြင့် ဂျပန်ကုမ္ပဏီနှစ်ခုအား လျော်ကြေးပေးစေဖို့ အမိန့်ချမှတ်ထားမှုအပေါ် တောင်ကိုရီးယားတရားရုံးချုပ်က ဒီဇင်ဘာ ၂၁ ရက်မှာ ထပ်မံအတည်ပြုအမိန့်ချခဲ့ပါတယ်။ ဒီစီရင်ချက်အပေါ် တိုကျိုက ချက်ချင်းပဲ ဒေါသတကြီးကန့်ကွက်ခဲ့ကြောင်း သိရပါတယ်။

မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းနဲ့ နီပွန်သံမဏိကော်ပိုရေးရှင်းတို့အနေဖြင့် အဓ္ဓမလုပ်အားစေခိုင်းခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို လျော်ကြေးပေးစေဆိုတဲ့ တရားရုံးချုပ်ရဲ့ အမိန့်စီရင်ချက်ဟာ ၁၉၆၅ ခုနှစ် သဘောတူစာချုပ်ကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ယိုရှီမာဆာ ဟာယာရှီက ပြောဆိုခဲ့ပါတယ်။

“ဒါက ဂျပန်-တောင်ကိုရီးယား ခိုင်မာတဲ့သဘောတူညီချက်ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာဖြစ်ပြီး အလွန်ဝမ်းနည်းစရာကောင်းတဲ့ လက်မခံနိုင်စရာ ဆုံးဖြတ်ချက်ပါ” လို့ ဟာယာရှီက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။

နီပွန်သံမဏိနဲ့မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းနှစ်ခုစလုံးကလည်း တောင်ကိုရီးယားတရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ တောင်ကိုရီးယားအလုပ်သမား အရေးကိစ္စဟာ ၁၉၆၅ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်အရ ဖြေရှင်းပြီးသားဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။

အဓ္ဓမလုပ်အားခိုင်းစေမှုနဲ့ စစ်တွင်းကာလ လိင်ကျေးကျွန်ပြုမှုဖြစ်စဉ်များဟာ ဂျပန်-တောင်ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးကို ဆယ်စုနှစ်ချီ ထိခိုက်နေစေခဲ့ပါတယ်။

တိုကျိုနဲ့ ဆက်ဆံရေး ပြုပြင်ပြောင်းလဲရန်ကြိုးပမ်းမှုအဖြစ် တောင်ကိုရီးယား ကွန်ဆာဗေးတစ် သမ္မတ ယွန်းဆွတ်ခ်ယိုးလ်က အဓ္ဓမလုပ်အားခိုင်းစေခံရတဲ့ အလုပ်သမားတွေကို တောင်ကိုရီးယား ပုဂ္ဂလိက ကုမ္ပဏီတွေက ထည့်ဝင်ထားတဲ့ လက်ရှိအစိုးရ ဖောင်ဒေးရှင်းကနေ လျော်ကြေးပေးသွားမယ်လို့ မတ်လအတွင်း ကြေညာခဲ့ပါတယ်။

ဒီအမှုတွေအပေါ် ဖြေရှင်းမယ့် ယွန်းရဲ့ အစီအစဉ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ချီးကျူးခဲ့ပေမယ့် အချို့ အဓ္ဓမခိုင်းစေခံအလုပ်သမားတွေနဲ့ တောင်ကိုရီးယားရဲ့ အဓိက အတိုက်အခံပါတီတို့ရဲ့ ဝေဖန်တုန့်ပြန်မှုတွေကြုံခဲ့ရပြီး အမှုတွေ ရှေ့ဆက်သွားခဲ့ပါတယ်။

၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တို့မှာ သီးခြားစီချမှတ်ထားတဲ့ စီရင်ချက်တွေအရ မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းနဲ့ နီပွန်သံမဏိ ကော်ပိုရေးရှင်းတို့ဟာ အဓ္ဓမခိုင်းစေခံခဲ့ရသူတွေ သို့မဟုတ် သူတို့ရဲ့ မိသားစုဝင်တွေကို လျော်ကြေး ဝမ် ၁.၁၇ ဘီလီယံ(ကန်ဒေါ်လာ ၈၉၈၀၀၀) ပေးဆောင်စေဖို့ အမိန့်ချခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here