မန္တလေးတွင် ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
923

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၁၀ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၉ လမ်းနှင့် ၅၀ လမ်းကြားရှိ အောင်ကျော်မိုး၊ မသိင်္ဂီဝင်းနှင့် မအေးသီတာတို့၏ နေအိမ်ကို မူးယစ်ဆေးဝါး သတင်းအရ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာ (၁၅) ရက် မွန်းတည့် (၁၂) နာရီအချိန် ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဝင်ရောက်ရှာဖွေစစ်ဆေးရာ အိုက်စ်(မက်သ်အဖက်တမင်း) ၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၅၀ ပြားနှင့် မော်တော်ဆိုင်ကယ် (၂) စီးတို့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာ (၁၅) ရက် ည (၉) နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၆၆ လမ်း၊ ၁၁၁ x ၁၁၂ လမ်းထောင့်ရှိ အောင်ထွေး ငှားရမ်းထားသည့် နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂ဝ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ဒသမ ၁၄ သိန်း၊ ဘိန်းဖြူ ၄ဝ ဒသမ ၇ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိမှု စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၁၀ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ဒသမ ၂၂ သိန်း၊ ဘိန်းဖြူ ၄ဝ ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

လက်ရှိတွင် ဖမ်းဆီးရမိမှုထားသူများကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here