၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကို လာမည့် ဖေဖေါ်ဝါရီလအတွင်း ကျင်းပမည်

0
471

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုချီးမြှင့်ပွဲကို လာမည့် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ကျင်းပနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးထံမှ သိရသည်။

၂၀၂၃ ခုနှစ် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို မူလက ဖေဖေါ်ဝါရီ လဆန်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ရက်အနည်းငယ် နောက်ဆုတ်သွားကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပေါ်ပြူလာနယူးစ်နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရွှေကြိုရွေးချယ်ရေးအဖွဲ့ကလည်း ၂၀၂၃ ခုနှစ် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားအတွက် ပဏာမရွှေကြိုများကို ရွေးချယ်လျက်ရှိရာ ရွှေကြိုမောင်မယ် (၉၇) ဦးကို ပဏာမ အနေဖြင့် ရွေးချယ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ၂၀၂၃ ခုနှစ် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ဖိတ်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ အလွှာအသီးသီးမှ အမည်စာရင်းပေးပို့ကြရန် ပြီးခဲ့သည့် နိုဝင်ဘာလကပင် အမည်စာရင်း တောင်းခံထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် ဝတ္ထု/ ဇာတ်လမ်း/ ဇာတ်ညွှန်းအဖွဲ့၊ ဒါရိုက်တာအဖွဲ့ ၊ ထုတ်လုပ်ရေးအဖွဲ့ ၊ အဓိကသရုပ်ဆောင်များနှင့် အဓိကဇာတ်ပို့သရုပ်ဆောင်များ၊ ရိုက်ကူးရေးဆိုင်ရာ DOP ၊ ကင်မရာမန်းနှင့် စက်အဖွဲ့သားများ ၊ မှတ်တမ်း ပညာရှင်များ၊ တည်းဖြတ်ပညာရှင်များ၊ အသံပညာရှင်များ၊ အရောင်ချိန်ညှိပညာရှင်များနှင့် နောက်ခံတေးဂီတပညာရှင်များကို ဒီဇင်ဘာ (၈) ရက် နောက်ဆုံးထား အမည်စာရင်းပေးပို့ရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အကြောင်းကြားထားသော်လည်း လက်ရှိတွင် အချို့သော ထုတ်လုပ်ရေးများအနေဖြင့် အမည်စာရင်းပေးပို့ရန် ကျန်ရှိနေသေးသည့်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးထံ မပျက်မကွက် အမည်စာရင်း ပေးပို့ကြရန် ထပ်မံနှိုးဆော်ထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ (၆) ရက် ညပိုင်းကလည်း ၂၀၁၉ / ၂၀၂၀ /၂၀၂၂ ခုနှစ်များအတွက် (၃) နှစ်စာ အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင် ကဇာတ်ရုံတွင် ကျင်းပခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here