ဧရာဝတီမြစ်အတွင်း နိုင်ငံခြားခရီးသွားများ ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် အကောင်အထည်ဖော်မည်

0
111

စစ်ကိုင်းတိုင်း ဒေသကြီး၊ မင်းကွန်းဒေသနှင့် ရွှေဘိုကျောက်မြောင်း‌ဒေသတွင် ဧရာဝတီမြစ်အတွင်း နိုင်ငံခြားသား ခရီးသွားများ ဧရာဝတီလင်းပိုင် ကြည့်ရှုရေးခရီးစဉ်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလဆန်း၌ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)၊ ဟိုတယ်တည်းခိုရိပ်သာလုပ်ငန်းရှင်များအသင်းနှင့် ရေလုပ်ငန်းရှင်တစ်ဦးတို့ ပူးပေါင်း၍ ခရီးသွားရာသီတွင် လင်းပိုင်နှင့် သဘာဝအလှကို ချစ်မြတ်နိုးသည့် နိုင်ငံခြားသားခရီးသွားများ ကြည့်ရှုလေ့လာနိုင်ရန် ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ်ကို ရေးဆွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“မင်းကွန်းကနေ ရွှေဘိုကျောက်မြောင်းအကြားမှာရှိတဲ့ ဧရာဝတီလင်းပိုင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးဧရိယာမှာ WCS၊ ဟိုတယ် တည်းခိုရိပ်သာလုပ်ငန်းရှင်များအသင်းနဲ့ ဧရာဝတီလင်းပိုင်ရဲ့ သဘာဝကို သိရှိတဲ့ ရေလုပ်ငန်းရှင်တစ်ဦးတို့ ပူးပေါင်းပြီး နိုင်ငံခြားခရီးသွားတွေ ဧရာဝတီလင်းပိုင်ကို ကြည့်ရှုလေ့လာနိုင်ဖို့ ပူးပေါင်းဆောင်ရွက် နေတာရှိပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာ အကောင်အထည်ဖော်ဖို့များပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်စိန်ကပြောသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် လင်းပိုင်များနေထိုင် ကျက်စားခဲ့ပြီး ဧရာဝတီမြစ်အတွင်း ကျက်စားသည့်လင်းပိုင်များကို Ayeyarwady Dolphin ဟုအမည်ခေါ်တွင်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများ၊ မဲခေါင်မြစ်တစ်လျှောက်နှင့် အိန္ဒိယနိုင်ငံတို့တွင်လည်း ဧရာဝတီ လင်းပိုင်များ ကျက်စားနေထိုင်ကြကြောင်း သိရသည်။

“ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုဟာ လူထုအသီးသီးဝင်ငွေရရှိစေပြီး အလုပ်အကိုင် အခွင့်အလမ်းတွေပေါ်ထွန်းပြီးတော့ ဒေသဖွံ့ဖြိုးမှုနဲ့အတူ တစ်ဦးနဲ့တစ်ဦးချစ်ခင်ရင်းနှီးမှု၊ နားလည်ယုံကြည်မှုကိုလည်း တည်ဆောက်နိုင်တဲ့အပြင် နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင်ငွေရရှိစေမှာဖြစ်ပါတယ်။ ပြန်လည်ဖော်ဆောင်မယ့် ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ်ဟာလည်း အောင်မြင်မယ်လို့ယုံကြည်ပါတယ်”ဟု ဦးမြင့်စိန်က ပြောသည်။

ကမ္ဘာ့မြစ်ကြီးအနည်းငယ်တွင်သာ လင်းပိုင်များကို တွေ့ရှိနိုင်ပြီး လင်းပိုင်များကို ပိုင်ဆိုင်ထားသည့်နိုင်ငံများအနေဖြင့် ပြခန်းများတွင် လင်းပိုင်များဖျော်ဖြေမှုကို လည်းကောင်း၊ သဘာဝရေပြင်၌ ကျက်စားမှုကိုလည်းကောင်း ဖော်ထုတ်ပြသခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here