ပင်လယ်နီတွင်း ဟူသီတို့၏ တိုက်ခိုက်မှုများတွင် အီရန် နက်နက်ရှိုင်းရှိုင်း ပါဝင်နေဟု အမေရိကန် စွပ်စွဲ

0
211

ပင်လယ်နီရှိ စီးပွားရေးသင်္ဘောများအား ဟူသီလက်နက်ကိုင်များ၏ တိုက်ခိုက်မှုများတွင် အီရန်သည် နက်နက်ရှိုင်းရှိုင်း ပါဝင်နေသည်ဟု အမေရိကန်က စွပ်စွဲထားသည်။

ယီမင်သူပုန်အဖွဲ့အား တီဟီရန်၏ ပံ့ပိုးကူညီမှုတွင် လက်နက်နှင့် နည်းဗျူဟာဆိုင်ရာ ထောက်လှမ်းရေးတို့ ပါဝင်သည်ဟု အိမ်ဖြူတော်က သောကြာနေ့တွင် ပြောကြားခဲ့ပြီး တိုက်ခိုက်မှုများတွင် အီရန်ပါဝင်ပတ်သက်မှုကို ပြသရန် အမျိုးအစားခွဲခြားထားသော ထောက်လှမ်းရေးအစီရင်ခံစာ အသစ်တစ်စောင်ကို တင်ပြခဲ့သည်။

“ပင်လယ်နီတွင်း စီးပွားရေးသင်္ဘောတွေကို စစ်ဆင်ရေးမှာ အီရန်က နက်နက်ရှိုင်းရှိုင်း စီမံဆောင်ရွက်ခဲ့တာကို ကျွန်တော်တို့ သိပါတယ်” ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ Adrienne Watson က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒါဟာ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်စေတဲ့ ဟူသီတွေရဲ့ လုပ်ရပ်တွေကို အီရန်ရဲ့ ရေရှည်ထောက်ပံ့မှုနဲ့ အားပေးမှုဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ စိန်ခေါ်မှုတစ်ရပ်ပါ” ဟုလည်း Watson က ပြောကြားခဲ့သည်။

အီရန်၏ KAS-04 ဒရုန်းများနှင့် ဟူသီများအသုံးပြုသည့် ဒရုန်းများအကြား မျက်မြင် ခွဲခြမ်းစိတ်ဖြာလေ့လာမှုများနှင့် အီရန်နှင့် ဟူသီဒုံးကျည်များ၏ တူညီသော အင်္ဂါရပ်များကို ထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ထုတ်ပြသခဲ့သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

အိမ်ဖြူတော်၏ ပြောဆိုချက်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိဟု အယ်လ်ဂျာဇီယာသတင်းဌာနကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here