သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာတွင် တိုင်းဒေသကြီးအဆင့် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပမည်

0
225

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ တိုင်းရင်းသား ကျေးရွာတွင် ကရင်နှစ်သစ်ကူးပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်တိုင်းဒေသကြီး) ဥက္ကဋ္ဌ၊ ပွဲတော် ကျင်းပရေးကော်မတီဝင် မန်းသန်းဝင်းက ပြောသည်။

၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ကရင်နှစ်သစ်ကူးပွဲတော်ကို ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“နှစ်စဉ်ကျင်းပနေကျအတိုင်း ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာမှာ တိုင်းဒေသကြီးအဆင့် အခမ်းအနားကို ခမ်းခမ်းနားနားလုပ်မှာပါ။ ပရိသတ်တွေလဲ လာကြမှာပါ။ အလံတင်အခမ်းအနားလဲရှိမယ်။ ဟောပြောပွဲလဲရှိမယ်။ တိုင်းရင်းသားအဆို၊ အကတွေ၊ ဈေးရောင်းပွဲတော်တွေပါမယ်။ တိုင်းရင်းသား အကဆိုရင် ကရင်ရိုးရာဒုံး အကပါမယ်။ ဝါးညှပ်အကပါမယ်။ တောင်ယာစူးထိုးအက၊ ဝါးထောက်အကတွေ ပါဝင်မှာပါ။ ဒီနှစ်ကတော့ ထူးထူးခြားခြား ရိုးရာအားကစားအနေနဲ့ ပျားဖွတ်ပြိုင်ပွဲလဲပါမယ်”ဟု ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း(ရန်ကုန်တိုင်းဒေသကြီး) ဥက္ကဋ္ဌ၊ ပွဲတော်ကျင်းပရေးကော်မတီဝင် မန်းသန်းဝင်းက ပြောပြသည်။

ယခုနှစ်ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲတော်တွင် ကရင်တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်သွားမည့်အပြင် ကရင်တိုင်းရင်းသားရိုးရာ အသုံးအဆောင်များ၊ အဝတ်အစားများ၊ အစားအစာများကို ရောင်းချသည့် ဈေးဆိုင်ခန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကာ ရိုးရာအားကစားပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here