ပြည်ပဝယ်လိုအားကြောင့် ပဲစင်းငုံအသစ်များ အရောင်းအဝယ်ကောင်း

0
155

ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်သို့ စတင်ဝင်ရောက်လာသည့် ပဲစင်းငုံအသစ်များကို ပြည်ပနိုင်ငံများ၏ ဝယ်လိုအားကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ သွက်လက်ကောင်းမွန်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

လက်ရှိအချိန်တွင် ချောက်၊ ကျောက်ပန်းတောင်း၊ မကွေး၊ မြင်းမူနှင့် မုံရွာ စသည့်ဒေသများမှ ပဲစင်းငုံအသစ်များ မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်လာကြောင်း သိရသည်။

ပဲစင်းငုံအသစ်များသည် ရာသီဥတု ကောင်းမွန်မှုကြောင့် အထွက်နှုန်းကောင်းကာ အရောင်အသွေးနှင့် အလုံးအဖန်များ ကောင်းမွန်သဖြင့် ဈေးကွက်အတွင်း၌ အရောင်းအဝယ်သွက်နေကြောင်း သိရသည်။

ယခုလက်ရှိဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံအသစ် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်များ ကောင်းမွန်လျက်ရှိကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

“ပဲစင်းငုံအသစ်တွေ အခုရက်ပိုင်းမှာ မန္တလေးဈေးကွက်ထဲကို စတင်ဝင်ရောက်လာပါတယ်။ ပဲစင်းငုံကို မြန်မာလူမျိုးတွေက စားသုံးမှုနည်းပါတယ်။ အဓိက အိန္ဒိယလူမျိုးတွေက မြန်မာပဲစင်းငုံတို့ကို ဓာတုကင်းစင်ပြီး အရသာမှာလည်း တစ်မူထူးခြားတာကြောင့် ကြိုက်နှစ်သက်ပြီး ဝယ်ယူကြပါတယ်”ဟု ဆိုသည်။

ပြည်တွင်းမှ ထွက်ရှိသည့် ပဲစင်းငုံရာခိုင်နှုန်းပြည့်ကို ပြည်ပပို့ကုန်အနေဖြင့် နှစ်စဉ်တင်ပို့နေရပြီ ဈေးကွက်ကလည်း အခိုင်အမာရရှိပြီးဖြစ်ကာ အနီးဆုံးဝယ်လက်ဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အတွက် မြန်မာနိုင်ငံသည် အိန္ဒိယဈေးကွက်တွင် အရေးပါသည့် နိုင်ငံဖြစ်ဟု ယင်းက ပြောကြားထားသည်။

“ပဲစင်းငုံလိုအပ်ချက်တွေ များနေတာကြောင့် ဈေးကွက်အတွင်းမှာ အရောင်းအဝယ်တွေ ကောင်းနေပါတယ်။ ပဲစင်းငုံက ပြည်ပပို့ကုန်အနေနဲ့ အိန္ဒိယတင်မဟုတ်ပါဘူး။ နီပေါ၊ ဘင်္ဂလားဒေ့ရှိနဲ့ ပါကစ္စတန်နိုင်ငံတို့ကလည်း နှစ်စဉ်ပုံမှန်ဝယ် ယူနေကြပါတယ်။ ဒီပဲစင်းငုံက ဆောင်းသီးနှံအနေနဲ့ တစ်ရာသီသာ စိုက်ပျိုးကြပါတယ်”ဟု ဦးစိုးဝင်းမြင့်က ပြောသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲစင်းငုံမှာ အနီ၊ အဖြူနှင့် ပဲစင်းငုံအကြားဟူ၍ အမျိုးအစားသုံးမျိုးရှိကြောင်း၊ မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပဲစင်းငုံများကို စိုက်ပျိုးကြကြောင်း သိရသည်။

ယခု နောက်ပိုင်းတိုးချဲ့ စိုက်ပျိုးလာကြရာ ချင်း၊ ကယား၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလာကြောင်း၊ ပြည်ပ ဈေးကွက် အခိုင်အမာရှိနေသည့်အတွက် ပဲစင်းငုံကို တောင်သူများအနေဖြင့် ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here