မြန်မာ့သစ်သီးများ ပြည်ပဝယ်လိုအားကျသဖြင့်ပြည်တွင်းဈေးကွက်ကိုသာ အားထားနေရ

0
183

မြန်မာ့သစ်သီးဝလံဈေးကွက်အတွင်း ပြည်ပဝယ်လိုအားကျဆင်းနေသည့်အတွက် ပြည်တွင်းဈေးကွက်ကိုသာ အားထားရောင်းဝယ်နေရကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သစ်သီးဝလံ ဈေးကွက်က အခြေအနေမကောင်းဘူး။ သရက်သီးဆို သုံးနှစ်လောက်ရှိပြီ။ ဝယ်လိုအား လျော့တာလည်းပါတယ်။ တင်ပို့နိုင်မှု အပိုင်းတွေကလည်း ကျဆင်းလာတော့ သစ်သီးဈေးကွက်က မကောင်းတာ”ဟု ဆိုသည်။

အထူးသဖြင့် လက်ရှိချိန်သည် ဖရဲသီးထွက်ချိန်ဖြစ်သဖြင့် ဖရဲစိုက်တောင်သူနှင့် လုပ်ငန်းရှင်များအနေဖြင့် တရုတ်သို့ တင်ပို့နိုင်မှု အခက်အခဲများ ရှိနေခြင်းကြောင့် ပြည်တွင်းဝယ်လိုအားကို ပိုပြီးအားထားနေကြသည်ဟု ၎င်းကပြောသည်။

ပြည်တွင်းလူမှုစီးပွားနှင့် စိုက်ပျိုး ထုတ်လုပ်သူများ၏ ဝင်ငွေဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန် စိုက်ပျိုးထုတ်လုပ်နေသူ ဝါသနာရှင်များ ဝင်ငွေတိုးတက်စေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး သစ်သီးဝလံနှင့် ပန်းမန်ပြပွဲကို ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားကြောင်းလည်း သိရသည်။

အဆိုပါ ပွဲတော်တွင် ပြိုင်ပွဲအမျိုးအစားပေါင်း (၂၂) မျိုး ပါဝင်ပြီး ပြိုင်ပွဲဝင်များကို ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားပြီး ကိုဗစ်ကြောင့် ရပ်နားခဲ့သည့် သစ်သီးဝလံနှင့် ပန်းမန်ပြပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁)ရက်မှ (၇) ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီး သဘာဝဥယျာဉ်၊ မာလာမြိုင်ကျွန်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here