နွေစပါးစိုက်ပျိုးရာသီအတွက် ကာလတိုချေးငွေ လျှောက်ထားမှု ရက်ပိုင်းအတွင်း ဧက(၅၀,၀၀၀)ခန့် ရှိဟုဆို

0
143

နွေစပါးစိုက်ပျိုးရာသီအတွက် တောင်သူများအား တစ်ဧကလျှင် (၄၀၀,၀၀၀) နှုန်း ထုတ်ချေးမည့် ကာလတိုချေးငွေကို ရက်ပိုင်းအတွင်း ဧက(၅၀,၀၀၀)ခန့် လျှောက်ထားမှုရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါ ချေးငွေကို စိတ်ဝင်စားသူများပြားလျက်ရှိပြီး နေပြည်တော်အပါအဝင် ရန်ကုန် ၊ ပဲခူး၊ မန္တလေးနှင့် ဧရာဝတီတိုင်းအတွင်းရှိ တောင်သူလယ်သမားများကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ချေးပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

လယ်ယာမြေ (၁၀) ဧကအထက်ပိုင်ဆိုင်သည့် တောင်သူလယ်သမားကြီးများ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာလတိုချေးငွေအဖြစ် တစ်ဧကလျှင် (၄) သိန်း ထုတ်ချေးပေးနိုင်ရေးကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် လိုင်စင်ရပုဂ္ဂလိကဘဏ်များ ညှိနှိုင်းစီစဉ်နေခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်အရ ပုံစံ(၇) မူရင်းအားအာမခံအဖြစ်ထားရှိရန်၊စပါးနှံတစ်ရာသီအတွက် (၄) လမှ (၅) လအထိ ချေးငွေကာလထားရှိရန်၊ အတိုးနှုန်းကို တစ်နှစ်လျှင် (၁၀) ရာခိုင်နှုန်းဖြင့်ထားရှိရန်နှင့် ဧက (၁၀၀) အထိ ထုတ်ချေးပေးမည်ဖြစ်သည်။

ထို့ပြင် လျှောက်လွှာများကို ဒီဇင်ဘာ (၂၀) ရက်မှစတင် လက်ခံနေပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှတဆင့် သက်ဆိုင်ရာဘဏ်များသို့ စိစစ်ပေးပို့ရန် ညှိနှိုင်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here