မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ ဘုံခုနှစ်ဆင့်ကို ရွှေသားအစစ်ဖြင့် ရှေးမူလက်ရာမပျက် ပြုပြင်သွားမည်

0
226

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ ဘုံခုနစ်ဆင့်ကို ရွှေသားအစစ်ဖြင့် ရှေးမူလက်ရာမပျက် ပြန်လည်ပြုပြင်မွမ်းမံသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ပြောသည်။

အဆိုပါ မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ ဘုံခုနစ်ဆင့်သည် ရှေးယခင်ကပင် ရွှေသားအစစ်ဖြင့် ကပ်လှူပူဇော်ထားခြင်းပြီး သဘာဝဘေးကြောင့် ပျက်စီးပျောက်ဆုံးနေသည့် မြန်မာ့ ပန်းပုလက်ရာများကို မူလပုံစံအတိုင်းရှေးမူလက်ရာမပျက် ပြင်ဆင်ထိန်းသိမ်းသွားမည်ဖြစ်ကာ လုပ်ငန်းများကို ၂ဝ၂၄ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မန်းရွှေစက်တော်ဘုရားရဲ့ ရွှေသားအစစ်နဲ့ ပူဇော်ထားတဲ့ အောက်စက်တော်ရာ ဘုံခုနစ်ဆင့် ပြန်လည် ပြုပြင်မွမ်းမံမှုတွေကို ဆောင်ရွက်တဲ့နေရာမှာ ရွှေသားပြန်လည်ပူဇော်နိုင်ဖို့အတွက် ရွှေချွတ်လုပ်ငန်းဆောင်ရွက်လိုသူတွေကို နိုဝင်ဘာ ၂၄ ရက်ကနေ ဒီဇင်ဘာ ၈ ရက်ထိ တင်ဒါခေါ်ယူခဲ့ပါတယ်” ဟု ဦးထွန်းထွန်းဝင်းက ဆိုသည်။

ထို့အပြင် မန်းရွှေစက်တော်ဘုရားတွင် ဘက်စုံပြုပြင်မွမ်းမံမှု အနေဖြင့် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာရှိ မျက်နှာကြက် ရွှေယွန်းပန်းချီများကိုလည်း ရှေးမူလက်ရာအတိုင်း ရရှိစေရန် ပုဂံဒေသမှ ပန်းယွန်းပညာရှင်များကို ခေါ်ယူ၍ ယွန်းအလှပန်းများ တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“တင်ဒါအောင်မြင်ခဲ့တဲ့ သိဒ္ဓိရှင်ရွှေဆိုင်းလုပ်ငန်းက ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရှေးယခင်ကတည်းက အောက်စက်တော်ရာ ဘုံခုနစ်ဆင့်မှာရှိတဲ့ အနုပညာလက်ရာမြောက်တဲ့ သစ်သားပန်းပုလက်ရာ အပြောက်အမွမ်းတွေဟာ နှစ် ကာလများစွာ ကြာမြင့်မှုကြောင့် ပျက်စီးယိုယွင်းမှုတွေ၊ သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီး၊ ပျောက်ဆုံးမှုတွေရှိလာတဲ့အတွက် ရှေးမူလက်ရာမပျက် ပုံစံတူပြုပြင် ထိန်းသိမ်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးထွန်းထွန်းဝင်းက ဆက်လက် ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here