အေးချမ်းသာယာပြီးကြံ့ကြံ့ခိုင်သည့် လူမှုအသိုက်အဝန်းတည်ဆောက်နိုင်ရေး လက်တွဲဆောင်ရွက်ကြရန် မဲခေါင် – လန်ချန်း နိုင်ငံအကြီးအကဲများကို နစက ဥက္ကဋ္ဌ တိုက်တွန်း

0
179

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုသည် ရာသီဥတုပြောင်းလဲမှုအပေါ် သက်ရောက်မှုရှိပြီး ဂေဟစနစ်ကို ယိုယွင်းပျက်စီးစေပါကြောင်း၊ သို့ဖြစ်၍ အေးချမ်းသာယာပြီး ကြံ့ကြံ့ခိုင်နိုင်သည့် လူမှုအသိုက်အဝန်း တည်ဆောက်နိုင်ရေးအတွက် ရာသီဥတုဖောက်ပြန်မှုများကို လျှော့ချရန် အတူတကွပူးပေါင်းဆောင်ရွက်ကြဖို့ မဲခေါင် – လန်ချန်း နိုင်ငံခေါင်းဆောင်များကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်သည်။

ယနေ့ ဒီဇင်ဘာ(၂၅)ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် (၄) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌအဖြစ် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအား အထောက်အပံ့နှင့် အကူအညီများ ဆက်လက်ပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိကြောင်းလည်းပြောကြားခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မူ(၇) နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၃ ခုနီစ်အထိအမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်း တန်ဖိုးရှိသည့် အထူးရန်ပုံငွေ စီမံကိန်း ၁၀၆ ခုရရှိထားကာ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အထောက်အကူပြုခဲ့ကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံသည် ပူးတွဲဥက္ကဋ္ဌ အနေဖြင့်လည်းကောင်း၊ တာဝန်သိအဖွဲ့ဝင် အနေဖြင့်လည်းကောင်း မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို အစဉ်တန်ဖိုးထားပြီး မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ မူဝါဒများ၊ စိတ်ဓာတ်များနှင့်အညီ တက်ကြွစွာ ဆက်လက်ပါဝင် ဆောင်ရွက်သွားမည်ဟု ကတိကဝတ်ပြုကြောင်း၊ရာဇဝတ်မူများနှင့်ပတ်သက်၍“မဲခေါင်-လန်ချန်း လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန” က ဆောင်ရွက်လျက်ရှိသည့် ဒေသတွင်း ပူးပေါင်းညှိနှိုင်းရေးအခန်းကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ် ပြုကြောင်းတို့ကိုထည့်သွင်းပြောကြားခဲ့သည်။

အဖွဲ့ဝင် နိုင်ငံများအနေဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ခေတ်မီ တိုးတက်လာစေရေးတို့အတွက် အပြန်အလှန် အကူအညီပေးသင့်ပြီး “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆန်းသစ်တီထွင်မှုစင်္ကြံ” ဖော်ဆောင်မှုနှင့် “အဖွဲ့ဝင် နိုင်ငံများအကြား ပေါင်းစည်းဆက်နွှယ်မှု တိုးမြှင့်ရေးဆိုင်ရာ စီမံချက်” ရေးဆွဲမှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

အစည်းအဝေးတွင် အနာဂတ်လုပ်ငန်းအစီအစဉ်များအတွက် မူဝါဒလမ်းညွှန် တစ်ရပ်အဖြစ် “နေပြည်တော်ကြေညာစာတမ်း” နှင့် အဖွဲ့ဝင်နိုင်ငံများအကြား အိမ်နီးချင်းကောင်းပီသမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)” နှင့် “ မဲခေါင်-လန်ချန်း တီထွင်ဆန်းသစ်မှုစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်” တို့ကို အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျပူးတွဲ ဥက္ကဋ္ဌ တာဝန်ကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျှော့ချရန် နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါသည်။

မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌ တာဝန်ကို အမြဲတမ်း ပူးတွဲဥက္ကဋ္ဌ ဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ အစည်းအဝေးတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်း တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနက်၊ လာအို ပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းနိုင်ငံဝန် ကြီးချုပ် မစ္စတာ ဆရက်သာ ထာဗီဆင် နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်း တို့တက်ရောက်၍ အမြင်ခြင်းဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here