မြောက်ပိုင်း (၃) ဖွဲ့နှင့် နစက ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယ အကြိမ်ဆွေးနွေးပွဲ ရလာဒ်မထွက်ဘဲ ပြီးဆုံးခဲ့ဟု သတင်းထွက်

0
422

တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေသည့် မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့နှင့် နစက ကိုယ်စားလှယ်အဖွဲ့တို့၏ ဒုတိယအကြိမ် ကူမင်းဆွေးနွေးပွဲမှာ ရလဒ်တစ်စုံတရာမထွက်ဘဲ ပြီးဆုံးသွားခဲ့ကြောင်း သတင်း ထွက်ပေါ်လျက်ရှိသည်။

မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA ၊ TNLA ၊AA အဖွဲ့တို့နှင့် နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့သည် ဒီဇင်ဘာ (၂၂) ရက်မှ (၂၄) ရက်အထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထွက်ပေါ်နေခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် တပ်နေရာ ချထားရေး ၊ တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်ပေးရေး စသည့်အချက်များအပါအဝင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိစ္စရပ်များအပေါ် နှစ်ဖက်ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း ရလာဒ်မထွက်​သေးကြောင်း သတင်းထွက်ပေါ်နေခြင်း ဖြစ်သည်။

အဆိုပါ သတင်းထွက်ပေါ်နေမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်ထံ ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

မြောက်ပိုင်း (၃) ဖွဲ့နှင့် နစက ကိုယ်စားလှယ်အဖွဲ့သည် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ လဆန်းပိုင်းကလည်း ကူမင်းမြို့တွင် ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

အဆိုပါ ပထမအကြိမ် ဆွေးနွေးပွဲတွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများကို ဒီဇင်ဘာ လကုန်ပိုင်းအထိ ရပ်တန့်ထားရန် ၊ အကျဉ်းသားနှင့် ဆက်စပ်ထိန်းသိမ်းထားမှုများအား အမြန်ဆုံး လဲလှယ်ကြရန်၊ ပဋိပက္ခဇုန်အတွင်းမှ အရပ်သားများကို အကာအကွယ်ပေးရန်၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို အတားအဆီး မရှိစေရန်၊ စစ်ဘေးသင့်ဒေသမှ လူထုကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန်၊ အရပ်သား သို့မဟုတ် စစ်ရေးနှင့် မပတ်သက်သူတို့ကို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်နေကြခြင်းမှ ရပ်စဲရန် အချက်များအပါအဝင် သဘောတူညီမှု အချို့ ရရှိခဲ့ကြောင်း သိရသည်။

နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ဒီဇင်ဘာလ အစောပိုင်းက သတင်းထုတ်ပြန်ချက်တစ်ခုတွင် မြောက်ပိုင်း (၃)ဖွဲ့နှင့် နစက ကိုယ်စားလှယ်အဖွဲ့တို့အကြား ဒီဇင်ဘာလကုန်ပိုင်းတွင် ထပ်မံတွေ့ဆုံ ဆွေးနွေးမည်ဟု ပြောကြားထားပြီး ယခုဒုတိယအကြိမ် ဆွေးနွေးပွဲနှင့် ပတ်သက်၍ တစ်စုံတရာ သတင်းထုတ်ပြန်သည်ကို မတွေ့ရသေးပေ။

ပထမ အကြိမ်ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲထားရန် သဘောတူညီမှု ရရှိခဲ့သည်ဆိုသော်လည်း MNDAA က ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့် လောက်ကိုင်မြို့အပါအဝင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဒေသအချို့နှင့် TNLA စိုးမိုး​နေဆဲနယ်မြေဖြစ်သည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွင်းရှိ မြို့အချို့တွင် နှစ်ဖက်တိုက်ပွဲများ လက်ရှိအချိန်ထိ ပြင်းထန်လျက်ရှိပြီး ပြည်သူပိုင်အဆောက်အအုံများ ပျက်ဆီးဆုံးရှုံးမှုများနှင့် အရပ်သား ထိခိုက်‌ေ-သဆုံးမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိနေသည်။

ပထမအကြိမ် ဆွေးနွေးမှုအတွင်းက သဘောတူညီမှုများကို နှစ်ဖက်စလုံးက အမြန်ဆုံး အကောင်အထည်ဖော်ရန်နှင့် စစ်ပွဲ ဧရိယာအတွင်းရှိ တရုတ်စီမံကိန်းများကို အကာအကွယ်ပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားထားသည်။

ထို့အပြင် မြောက်ပိုင်း (၃) ဖွဲ့နှင့် မြန်မာ့တပ်မတော်၏ ဆွေးနွေးမှု ရလာဒ်များသည် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက်လည်း အထောက်အကူဖြစ်သည့်အပြင် သက်ဆိုင်ရာ ဘက်အသီးသီး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာ န ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြီးခဲ့သည့် ဒီဇင်ဘာ (၁၄) ရက်က ပြောကြားထားသည်။

ပုံစာ – ပထမအကြိမ် ဆွေးနွေးပွဲအတွင်း ရရှိခဲ့သည့် သဘောတူညီမှုများ


LEAVE A REPLY

Please enter your comment!
Please enter your name here