တရုတ်ဒုံးပျံ အပိုင်းအစများ တောင်တရုတ်ပင်လယ်ဧရိယာတွင်း ကျရောက်ဖို့ရှိ

0
139

လွန်ခဲ့တဲ့ ၁၁ ရက်ခန့်က ဆဋ္ဌမမြောက်အဖြစ် ပစ်လွှတ်ခဲ့တဲ့ ဒုံးပျံတစ်စင်းရဲ့ အပျက်အစီးအပိုင်းအစတွေဟာ တောင်တရုတ်ပင်လယ် ဧရိယာတစ်ခုမှာ ကျရောက်လာလိမ့်မယ်လို့ တရုတ်နိုင်ငံက သတိပေးချက်ထုတ်ပြန်ပါတယ်။

ယေဘုယျအားဖြင့် ကမ္ဘာမြေကို ပြန်ဝင်ချိန်မှာ လေထုအတွင်း လောင်ကျွမ်းပျက်စီးသွားလေ့ရှိတဲ့ ဒုံးပျံအပိုင်းအစတွေဟာ တရုတ်နိုင်ငံရဲ့ ကျွန်းပြည်နယ် ဟိုင်နန်ကမ်းလွန်ကို ဒီနေ့ မနက် ၁၁ နာရီ ၄ နာရီအကြား ကျရောက်ဖွယ်ရှိတယ်လို့ တရုတ် ပင်လယ်ရေကြောင်းလုံခြုံရေးအုပ်ချုပ်မှုအဖွဲ့က ပြောဆိုပါတယ်။

Long March 5 ဒုံးပျံကို ဝမ်ချန်း ဒုံးပစ်လွှတ်ရေးဆိုက်ကနေ ဒီဇင်ဘာ ၁၅ ရက်မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်က ယင်း အမျိုးအစားဒုံးပျံစတင်လွှတ်တင်ခဲ့ပြီးနောက်ပိုင်း ဆဋ္ဌမမြောက် လွှတ်တင်မှုဖြစ်ပါတယ်။ ယင်း ဒုံးအမျိုးအစားရဲ့ မူကွဲတစ်ခုဖြစ်တဲ့ Long March 5B ဒုံးပျံကိုတော့ တရုတ်နိုင်ငံရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်နဲ့ ၎င်းရဲ့ အာကာသစခန်း မော်ဂျူးတွေလွှတ်ရာမှာ အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ လွှတ်တင်ခဲ့တဲ့ Long March 5B ယာဉ်ရဲ့ အပျက်အစီးတွေ ကျရောက်လာနိုင်ခြေနေရာနဲ့ ပတ်သက်ပြီး ထင်ကြေးပေးပြောဆိုချက်တွေကြောင့် အထူးစိုးရိမ်ပူပန်ရမှုတွေ ဖြစ်စေခဲ့ပါ်တယ်။ ၂၀၂၀ ခုနှစ်က လွှတ်တင်ခဲ့တဲ့ Long March 5B တစ်စင်းရဲ့ အကြွင်းအကျန်တွေဟာ အိုင်ဗရီကို့စ်နိုင်ငံပေါ်ကျရောက်ခဲ့တာကြောင့် အဆောက်အအုံများစွာ ပျက်စီးထိခိုက်မှုဖြစ်ခဲ့ပါတယ်။

Long March 5 မစ်ရှင်ကို ယခုလ အစောပိုင်းမှာ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်းနဲ့ ပတ်လမ်းကြောင်း မြင့်မားသော အလင်းပြန် အဝေးထိန်း အာရုံခံဂြိုဟ်တုတစ်လုံး လွှတ်တင်ခဲ့ခြင်းဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။ စွမ်းအားကောင်းတဲ့ ဒုံးပျံတွေကို ပုံမှန်အားဖြင့် အလွန်ကြီးမားတဲ့ ဝန်တင်တွေကို ပစ်လွှတ်ရာမှာ အသုံးပြုလေ့ရှိပါတယ်။

ဂြိုဟ်တုကို မြေယာစစ်တမ်းကောက်ယူခြင်း၊ သီးနှံအထွက်နှုန်း အကဲဖြတ်ခြင်း၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု၊ မိုးလေဝသ သတိပေးချက်၊ ခန့်မှန်းချက်နဲ့ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ဆင်ဟွာသတင်းဋ္ဌာနက ဖော်ပြထားခဲ့ပါတယ်။

Ref: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here