ခရိုင်းမီးယားဆိပ်ကမ်းကို ယူကရိန်းကတိုက်ခိုက်ခဲ့ရာ ရုရှားစစ်သင်္ဘော ထိခိုက်ပျက်စီးခဲ့ဟု မော်စကိုထုတ်ပြန်

0
192

ခရိုင်မီးယားဆိပ်ကမ်း ဖီအိုဒိုဆီးယားကို ယူကရိန်းက တိုက်ခိုက်ခဲ့တာကြောင့် ရုရှား ကမ်းတက် သင်္ဘောကြီးတစ်စီး ထိခိုက်ပျက်စီးပြီး လူတစ်ဦး ‌ေ-သဆုံးခဲ့တယ်လို့ မော်စကိုက အင်္ဂါနေ့(ဒီဇင်ဘာ ၂၆) မှာ ထုတ်ဖော်ပြောဆိုပါတယ်။ အရေးကြီးတဲ့ ရုရှားစစ်သင်္ဘောတစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကိဗ်ဘက်က ပြောဆိုခဲ့အပြီးမှာ ရုရှားဘက်က အခုလို ထုတ်ပြန်လာတာပါ။

ဖီအိုဒိုဆီးယားဆိပ်ကမ်းကို ယူကရိန်းက ဝေဟင်ပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ဧရာမ ကမ်းတက်သင်္ဘော Novocherkassk ထိခိုက်ပျက်စီးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုကြောင်း Interfax သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ပိုလန်နိုင်ငံမှာ တည်ဆောက်ခဲ့ပြီး ၁၉၈၀ ခုနှစ်အနှောင်းပိုင်းမှာ တပ်တော်ဝင်ခဲ့တဲ့ Novocherkassk ဟာ ကုန်းရေနှစ်သွယ် အသုံးပြုနိုင်တဲ့ ကမ်းတက်သင်္ဘောကြီးဖြစ်ပြီး တင့်ကားတွေအပါအဝင် သံချပ်ကာယာဉ်အမျိုးမျိုးကို တင်ဆောင်ခုတ်မောင်းနိုင်ပါတယ်။

ဆိပ်ကမ်းမှာ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်နေပြီး မီးလောင်ကျွမ်းမှုတွေဖြစ်နေတာကို ရုရှား သတင်းဋ္ဌာနများစွာက တယ်လီဂရမ်မှာ တင်ခဲ့တဲ့ ဗီဒီယိုဖိုင်တွေမှာ တွေ့ရပါတယ်။

လူတစ်ဦး ‌ေ-သဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကာ အခြား ခြောက်ဦးကိုတော့ ၎င်းတို့ရဲ့ နေအိမ်တွေကနေ ကယ်ထုတ်ပေးခဲ့ရတယ်လို့ ရုရှားခန့်အပ်တဲ့ ခရိုင်းမီးယားအုပ်ချုပ်ရေးမှူး ဆာဂျီ အက်ဆယိုနော့ဗ်က တယ်လီဂရမ်မှာ ပြောဆိုခဲ့ပါတယ်။

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ စစ်မြေပြင်မှာ အောင်မြင်မှု အနည်းငယ်လောက်သာ ရခဲ့ပြီး ရုရှားစစ်တပ်က နေရာအများအပြားမှာ စစ်ဆင်ရေးအသစ်တွေ လုပ်ဆောင်လာသော်ငြားလည်း ယူကရိန်းဟာ ရုရှားရဲ့ ပင်လယ်နက်ရေတပ်ဋ္ဌာနချုပ်ဖြစ်တဲ့ ခရိုင်းမီးယားကို ဆက်တိုက် တိုက်ခိုက်နိုင်ခဲ့ပြီး ပျက်စီးမှု ဆိုးဆိုးဝါးဝါး ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here