ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို စောလျင်စွာ စတင်ကာ အကောင်အထည် ဖော်တော့မည်

0
273

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းမှ မြန်မာနိုင်ငံအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု၊နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်မည်ဟုဆို

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းမှတဆင့် ရခိုင်ပြည်နယ်မှ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့်အပြင် မြန်မာနိုင်ငံအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။

ယနေ့ ဒီဇင်ဘာ (၂၆) ရက် ညနေပိုင်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ကျင်းပသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံမှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

အဆိုပါ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှတဆင့် တောင်အာရှ၊အနောက်အာရှနှင့် အာဖရိကမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို တရုတ်ပြည်မကြီးသို့ အချိန်နှင့် ကုန်ကျစရိတ်သက်သာစွာဖြင့် တင်ပို့နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆို သည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်၍ ယခင်အစိုးရ လက်ထက်တွင် လက်မှတ်ရေးထိုးထားသည့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်အား ပိုမိုကောင်းမွန်၍ ရှင်းလင်းပြည့်စုံမှုရှိစေရေးအတွက် ရင်းနှီးတည်ဆောက်သူ ဖြစ်သည့် China International Trust Investment Corporation – CITIC နှင့် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ကာ နောက်ဆက်တွဲ ဖြည့်စွက်စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ကြိုးပမ်းချက်အရ ယနေ့ ဒီဇင်ဘာ (၂၆) ရက် ညနေပိုင်းတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ်(Addendum) လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးလည်း တက်ရောက်ခဲ့သည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် နိုင်ငံသားကုမ္ပ ဏီများ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် အစိုးရအသိအမှတ်ပြု ကုမ္ပဏီစု (Government Designated Entity Consortium) ဖွဲ့စည်းနိုင်ရေး လုပ်ငန်းများကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့အပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို စောလျင်စွာ စတင်ကာ အကောင်အထည် ဖော်ဆောင်တော့မည်ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့ ကျင်းပသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ပြည်ထောင်စုဝန်ကြီးများ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ၊ CITIC Group ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများလည်း တက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here