ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင်မန္တလေးဇုန် (ခ) အသင်းကဗိုလ်စွဲ

0
219

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၂၆) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါ ဗိုလ်လုပွဲသို့ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နစကအဖွဲ့ဝင်များ၊ ပြည်ထောင်စုအ ဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် အဆင့်မြင့်အရာရှိကြီးများအပါအဝင် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ် ပေါင်းစုံအားကစားပြိုင်ပွဲ (အမျိုးသား) ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မန္တလေးဇုန်(က) အသင်းနှင့် မန္တလေးဇုန်(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို နစက ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ပွဲစဉ်တွင် မန္တလေးဇုန် (ခ) အသင်းက မန္တလေးဇုန် (က) အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပြီး တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင်အကောင်းဆုံး (ဂိုးသမား)ဆု၊ အကောင်းဆုံး (နောက်တန်း)ဆု၊ အကောင်းဆုံး (အလယ်တန်း)ဆု၊ အကောင်းဆုံး (ရှေ့တန်း)ဆုနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နစက အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ မှုထန်၊ မန်းငြိမ်းမောင်၊ ပိုးရယ်အောင်သိန်း၊ ဒေါ်ဒွဲဘူတို့က တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ထို့အပြင် နစကအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်က နှစ်သိမ့်ဆုရရှိသည့် ရန်ကုန်ဇုန်(ခ)အသင်းအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ နစက အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက တတိယ ဆုရရှိသည့် ရန်ကုန်ဇုန်(က)အသင်းကို လည်းကောင်း၊ နစကအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က ဒုတိယဆုရရှိသည့် မန္တလေးဇုန်(က)အသင်းကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကိုပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပထမဆုရရှိသည့် မန္တလေးဇုန်(ခ)အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် မန္တလေးဇုန်(ခ)အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများအားလုံးကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here