ကျောက်ဖြူ ဒေသခံများက ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်စေချင်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌပြောကြား

0
241

မြန်မာနှင့် တရုတ် ပူးပေါင်းဆောင်ရွက်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများက အမြန်အကောင်အထည်ဖော်စေချင်သည့် ဆန္ဒရှိကြကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ၊
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဒီဇင်ဘာ (၂၆) ရက် ညနေပိုင်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ကျင်းပသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်းအခမ်းအနားနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေရဲ့ ဆန္ဒကတော့ ကျောက်ဖြူစီမံကိန်းနဲ့ ပတ်သက်ရင် သူတို့ လိုလိုလားလားရှိပါတယ်။ စီမံကိန်းကို မြန်မြန်စဖို့ တိုက်တွန်းတောင်းဆိုတာလေးတွေရှိပါတယ်လို့ ကျွန်တော့အနေနဲ့ ပြောကြားလိုပါတယ်” ဟု ဦးအောင်နိုင်ဦး က ပြောသည်။

စီမံကိန်းအမြန်စတင်ရန် ကျောက်ဖြူ ဒေသခံအချို့နှင့် မြို့မိ မြို့ဖများ အပါအဝင် ကျောက်ဖြူဒေသခံများထဲမှ တာဝန်ကြီးကြီးမားမားထမ်းဆောင်ခဲ့ဖူးသူများက ၎င်းအား လာရောက်တွေ့ဆုံကာ စီမံကိန်းကို အမြန်စတင်ရန် တောင်းဆိုမှုများ ရှိကြောင်းလည်း ၎င်းကဆိုသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းသည် မြန်မာနိုင်ငံမှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံမှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည့် စီမံကိန်းတစ်ခုဖြစ်သည်။

ယင်းစီမံကိန်းမှတဆင့် ရခိုင်ပြည်နယ်မှ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့်အပြင် မြန်မာနိုင်ငံအတွက် လူမှူစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု၊ စီးပွားရေးတပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း ဒီဇင်ဘာ (၂၆) ရက် ညနေပိုင်းတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ်
(Addendum) လက်မှတ်ရေးထိုးခြင်း အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားထားသည်။

လက်ရှိတွင် အဆိုပါ ကျောက်ဖြူရေနက်ဆိပ်ကမ်း စတင်နိုင်ရန် ပြီးစီးသွားသည့် လုပ်ငန်းစဉ်များအနေဖြင့် သဘာဝပတ်ဝန်းကျင် ဆန်းစစ်ချက်နှင့် လူမှုအကျိုးစီးပွား ဆန်းစစ်ချက် (EIA / SIA ) များနှင့် ပတ်သက်၍ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့် ပြီးစီးရန်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်၍ ယခင်အစိုးရ လက်ထက်တွင် လက်မှတ်ရေးထိုးထားသည့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်အား ပိုမိုကောင်းမွန်၍ ရှင်းလင်းပြည့်စုံမှုရှိစေရေးအတွက် ရင်းနှီးတည်ဆောက်သူ ဖြစ်သည့် China International Trust Investment Corporation – CITIC နှင့် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ပြီး နောက်ဆက်တွဲ ဖြည့်စွက်စာချုပ်ကို ဒီဇင်ဘာ (၂၆) ရက်က နေပြည်တော်တွင် နှစ်ဖက်တာဝန်ရှိသူများ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း ပြီးစီးသွားပါက မြန်မာနိုင်ငံမှ ကုန်စည်များကို တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကနှင့် ဥရောပတို့နှင့် တိုက်ရိုက် ကုန်သွယ်မှုဆောင်ရွက်နိုင်မည့်အပြင် တရုတ်သို့ တင်သွင်း / တင်ပို့မည့် ကုန်စည်များကိုလည်း အချိန်နှင့် ကုန်ကျစရိတ်သက်သာစွင် တင်ပို့နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

လက်ရှိတွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း၌ နိုင်ငံသားကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် အစိုးရအသိအမှတ်ပြု ကုမ္ပဏီစု (Government Designated Enti ty Consortium) ဖွဲ့စည်းနိုင်ရေး လုပ်ငန်းများကိုလည်း စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ် အစိုးရ၏ခေတ်သစ်ပိုးလမ်းမ(BRI) စီမံကိန်း၏ မြန်မာနိုင်ဘက်ခြမ်းရှိကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတွင် ပါဝင်မည့် စက်မှုဇုန်၊ လူနေအိမ်ရာနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း စသည့် စီမံကိန်း (၃)ခုထဲမှ ကနဦး အကောင်အထည်ဖော်မည့် စီမံကိန်းတစ်ခု ဖြစ်သည်။

အဆိုပါ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁.၃ ဘီလီယံ အသုံးပြုသွားရန် ကနဦး သဘောတူညီမှုရရှိထားပြီး အစုရှယ်ယာပိုင်ဆိုင်မှုအနေဖြင့် တရုတ်အစိုးရပိုင် CITIC အုပ်စုမှ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရမှ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၏ မူဘောင်သဘော တူညီချက်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး၊ Shareholders Agreement နှင့် Concession Agreement ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနှင့် နိုဝင်ဘာလတို့တွင် လက်မှတ်ရေးထိုးထားခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here