ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်ထွန်း ပေါ်ပေါက်လာရေး တိုင်းရင်းသား အချင်းချင်းသွေးမကွဲကြရန်လိုကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြောကြား

0
190

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေစဉ် ကာလအတွင်းတွင်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ဒီဇင်ဘာ (၂၆) ရက်က ကျင်းပသည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂၁)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကအနေဖြင့် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် နိုင်ငံရေး ရည်မှန်းချက် (၂) ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဆောင်ရွက်ရန်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသားအချင်းချင်းသွေးမကွဲဘဲ ပြည်ထောင်စုစိတ်ဓာတ်နှင့် တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးဖြစ်ထွန်းပေါ်ပေါက်လာ‌စေရန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း ဖြစ်သကဲ့သို့ တပ်မတော်သားများသည်လည်း ပြည်သူများ၏အစိတ်အပိုင်းဖြစ်ကြောင်းလည်း ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းဆင်း တပ်မတော်သားများကို ပြောကြားခဲ့သည်။

ပြည်သူလူထု၏ အားကို အရင်းတည်ပြီး စုစည်းညီညွတ်သည့် အားနှင့် ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ပြီး ထိုသို့ကာကွယ် စောင့်ရှောက်ရာတွင်လည်း သမိုင်းပေးသင်ခန်းစာများအရ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို ပြည်ထောင်စုစိတ်ဓာတ်နှင့် ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်းလည်း သတိပေးပြောကြားခဲ့သည်။

ထို့အပြင် တိုင်းရင်းသားပြည်သူများနှင့် ထိတွေ့ ဆက်ဆံသည့်အခါတွင်လည်း ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အလေးထားစည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here